မြိတ်တိုက်ပွဲတွင် ကရင်ပူးပေါင်းတပ်မှာ အရာရှိ အပါအဝင် သုံးဦး သေဆုံး
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၁၆ ရက်။
မြိတ်ခရိုင်အတွင်း တိုက်ပွဲတွင် ကရင့်အမျိုးသား အစည်းအရုံး KNU အရာရှိတစ်ဦး အပါအဝင် ပြည်သူ့ ကာကွယ်ရေး မဟာမိတ်ပူးပေါင်း အဖွဲ့ဘက်မှ သုံးဦး ကျဆုံးခဲ့သည်ဟု ပုလော ပြည်သူ့ ကာကွယ်ရေး အဖွဲ့ တာဝန်ရှိသူက ပြောသည်။
မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ ပုလောကုန်းကျေးရွာတွင် စစ်ကောင်စီတပ်ဖွဲ့နှင့် ပြည်သူ့ကာကွယ်ရေး မဟာမိတ် ပူးပေါင်းအဖွဲ့တို့ ဗုဒ္ဓဟူးနေ့က တိုက်ပွဲဖြစ်ပွားခဲ့ ခြင်း ဖြစ်သည်။
KNU/KNLA မှ ဗိုလ်တစ်ဦး၊ KNDO က တပ်သားတစ်ဦးနှင့် ပုလောပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တပ်ခွဲမှူး တစ်ဦး တို့ ကျဆုံးသွားခြင်း ဖြစ်သည်ဟု ပုလောပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
“အရင်တိုက်ပွဲတွေတုန်းက စစ်တပ်ဘက်က စနိုက်ပါသမား မပါလာဖူးတော့ ပေါ့ဆမိတာလည်း ပါတာပေါ့။ ကိုစော်ဘွားဆို အသက် ၂၀ တောင်မပြည့်သေးဘူး။ သတိပေးနေတဲ့ကြားက အတင်း အလောင်းတက်ကောက်လို့ ကျည်ထိတာ” ဟု ပုလော PDF အဖွဲ့ဝင် တစ်ဦးက ပြောသည်။
ဗုဒ္ဓဟူးနေ့ နံနက် ၅ နာရီခွဲအချိန်ခန့်က ဖြစ်ပွားခဲ့သည့် တိုက်ပွဲအတွင်း KNU တပ်မဟာ ၄၊ တပ်ရင်း ၇၊ တပ်ခွဲ ၂ က ဗိုလ်ဖအေးနှင့် KNDO မှ တပ်သားတစ်ဦးတို့ ကျဆုံးသွားခဲ့ခြင်းဖြစ်ပြီး ပုလော ပြည်သူ့ ကာကွယ်ရေး တပ်က တပ်ခွဲမှူး ကိုစော်ဘွား လည်း ကျဆုံးသွားသည်ဟု ပြောသည်။
ကျေးရွာဘုန်းကြီး ကျောင်းဝန်းအနီး တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအား ပုလောပြည်သူ့ကာကွယ် ရေး မဟာမိတ်တပ်ပေါင်းစုအဖွဲ့များက တိုက်ခိုက်ရန် သွားရောက်စဉ် စစ်ကောင်စီတပ်သားများက အရင်တွေ့ မြင် သွားခဲ့သဖြင့် စတင်ပစ်ခတ်ရာမှ တိုက်ပွဲဖြစ်ပွားခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။
ထို့နောက် အလောင်းများကို တက်ကောက်ယူချိန်တွင် ပုလောပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တပ်ခွဲမှူး ကိုစော် ဘွား၏ တင်ပါးနှင့် ဦးခေါင်းကို စနိုက်ပါကျည် ထိမှန်ခဲ့ခြင်းကြောင့် စုစုပေါင်း ၃ ဦးကျဆုံးသွားခြင်း ဖြစ်သည်ဟု တိုက်ပွဲအတွင်းပါဝင်ခဲ့သူ PDF တပ်ဖွဲ့ဝင် တစ်ဦးက ပြောသည်။
ကျဆုံးသူများအနက် ဗိုလ်ဖအေး၏ အလောင်းကိုသာ ပြန်ရခဲ့ပြီး PDF တပ်ခွဲမှူး ကိုစော်ဘွား နှင့် KNDO တပ်သား တို့၏အလောင်းကို ကောက်ယူနိုင်ခြင်း မရှိခဲ့ဘူးဟု သိရသည်။
စစ်ကောင်စီတပ်ဘက်က ထိုနေ့၊ နေ့လည် ၁၂ နာရီအချိန်ခန့်တွင် စစ်ကူ အင်အားဖြည့် ရောက်ရှိလာပြီးနောက် လက်နက်ကြီးများဖြင့် အဆက်မပြတ် ပစ်ခတ်ခဲ့ခြင်းကြောင့် ပုလောပြည်သူ့ကာကွယ်ရေး မဟာမိတ် ပူးပေါင်း တပ်ဖွဲ့များဘက်က ပြန်လည်ဆုတ်ခွာခဲ့ရသည်ဟု PDF ပူးပေါင်း အဖွဲ့တာဝန်ရှိသူက ပြောသည်။
ထို့အပြင် အဆိုပါတိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ ထိခိုက်ကျဆုံးမှု အခြေအနေကို သိရှိအတည်ပြုနိုင်ရန် သတင်းနှင့် မီဒီယာကွန်ယက် သတင်းဌာနက ဆက်လက် စုံစမ်းနေဆဲဖြစ်သည်။