ငပုတောတွင် ပွဲတော် ရေကစားသူ ၄ ဦး ရေနစ်သေဆုံး
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၁၆ ရက်။
ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြို့နယ်၊ ဝါဆိုလှိုင်းခုန်ပွဲ ပြုလုပ်ရာ ကမ်းခြေသို့သွား ကြသည့် အမျိုးသား ၄ ဦး ရေနစ်သေဆုံးခဲ့သည်ဟု ဒေသခံများက ပြောသည်။
ငရုတ်ကောင်းမြို့၊ မိုးတိမ်ပြင်အုပ်စု၊ ဒရယ်ကျွန်းကမ်းခြေတွင် ပြုလုပ်သည့် ဝါဆိုလှိုင်းခုန်ပွဲသို့ ရေကစားရန် သွား စဥ် ကျွန်းလေးချောင်းအား ဖြတ်ကူးကြရာမှ ရေနစ်သေဆုံးခဲ့ခြင်းဖြစ်သည်ဟု မိုးတိမ်ပြင် ရွာသားတစ်ဦးက ပြော သည်။
အသက် ၄၀ ကျော် မိုးတိမ်ပြင် ရွာသားတစ်ဦးက “ကျွန်းလေးချောင်းကိုဖြတ်ပြီး ဒရယ်ကျွန်းကမ်းကို ကူးတာ၊ ဦးအေးထွန်း ရေစီးထဲ မျောပါသွားလို့ ကျန်တဲ့သူတွေ က လိုက်ဆယ်ရင်း အကုန်သေကြရတာ” ဟု ပြောသည်။
ရေနစ်သေဆုံးကြသူများမှာ ရေကျော်ကျေးရွာက အသက် ၅၆ နှစ် အရွယ် ဦးအေးထွန်းနှင့် အသက် ၄၀ နှစ် မှ အသက် ၄၉ နှစ် အတွင်းရှိသူများဖြစ်ကြသည့် ဦးမျိုးကိုကို (ခ) ဦးဖိုးချို၊ ဦးဆန်းအောင်နှင့် ဦးဇော်မြင့်နိုင်တို့ ဖြစ်ကြသည်ဟု ရေကျော်ကျေးရွာသားများ က အတည်ပြုပြောသည်။
၎င်းတို့ ၄ ဦးသည် ဇူလိုင်လ ၁၃ ရက်နေ့၊ မွန်းလွဲပိုင်းက ရေနစ်သေဆုံးခဲ့ခြင်း ဖြစ်သည်ဟု ဒေသခံများ က ပြော သည်။
ယခုဖြစ်စဉ်နှင့် ပတ်သက်၍ “အနောက်ဖက် ကမ်းခြေသားတွေက ရေကိုကျွမ်းကျင်ကြပါတယ်။ ဒီချောင်း လောက်က စာမဖွဲ့လောက်ပါဘူး။ ပင်လယ်ထဲ ကန်ချခဲ့ရင်တောင် အိမ်ကို လက်ပစ်ကူး ပြန်လာနိုင်တဲ့ လူမျိုးတွေ ပါ။ ရေကူး ဝိဇ္ဇာရေနစ်သေရတာ မျိုးပေါ့” ဟု အသက် ၇၀ အရွယ် ဦးကံမောင် က ပြောသည်။
ရေနစ်သေဆုံးသူများ၏ ရုပ်အလောင်းများကို မိသားစုဝင်များနှင့် ဒေသခံများက လိုက်လံရှာဖွေရာ ထိုနေ့ ညနေ ပိုင်းတွင် ဒရယ်ကျွန်းကမ်းခြေ၌ ဦးမျိုးကိုကို (ခ) ဦးဖိုးချို၏ အလောင်းကိုတွေ့ရှိရပြီး ကျန်သုံးဦး၏ ရုပ်အလောင်း များကို ဇူလိုင် လ ၁၄ ရက်နေ့တွင် ပြန်လည်တွေ့ရှိခဲ့သည်ဟု သိရသည်။
ဧရာဝတီတိုင်း၊ ငပုတောမြို့နယ် အတွင်းရှိ ဂေါ်ရင်ဂျီ ကမ်းခြေဒေသများနှင့် ဟိုင်းကြီးကျွန်းကမ်းခြေရှိ ကျေးရွာ များတွင် နှစ်စဉ် ဝါဆို လပြည့်ကျော် ၁ ရက်နေ့ ရောက်တိုင်း ဝါဆိုလှိုင်းခုန်ပွဲတော် ပြုလုပ်လေ့ရှိသည်။
ဓါတ်ပုံ – ဝါဆိုလှိုင်းခုန်ပွဲတော် လူမှုကွန်ယက်စာမျက်နှာ