ပြည်ခိုင်ဖြိုးပါတီဝင် ပျူစောထီးဆိုသူ ပစ်သတ်ခံရ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၁၇ ရက်။

ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်အတွင်းရှိ ကျေးရွာတစ်ရွာက ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ ဝင်လည်းဖြစ်၊ ပျူစောထီးအဖွဲ့ဝင်လည်း ဖြစ်သူ တစ်ဦး ပစ်သတ်ခံလိုက်ရသည်ဟု ဒေသခံများက ပြောသည်။

လောင်းလုံးမြို့နယ်၊ အောက်ရေဖြူကျေးရွာအုပ်စုရှိ ပိန္နဲတောကျေးရွာတွင် USDP ပါတီဝင်၊ ပျူစောထီးအဖွဲ့ဝင် တစ်ဦး ဇူလိုင်လ ၁၆ ရက်နေ့၊ နံနက် ၆ နာရီခန့်က သေနတ်ဖြင့် ပစ်ခတ်ခံရသဖြင့် နေရာတွင် ပွဲချင်းပြီးသေဆုံး သွားသည် ဟု ရွာသားများကပြောသည်။

အသက် ၃၅ နှစ်အရွယ် ပိန္နဲတောရွာသားတစ်ဦးက “ဒိုင်း ဒိုင်း ဒိုင်း ဆိုပြီး သေနတ်သံက ဆယ်ချက်လောက် ဆက် တိုက်ပစ်တာကြားရတယ်။ သူက ဒီရွာသား မဟုတ်ဘူး။ ပိန္နဲတောသူနဲ့ အိမ်ထောင်ကျနေပြီး သစ်စက်လုပ်ငန်း လုပ်နေတာ” ဟု ပြောသည်။

ပစ်သတ်ခံရသူမှာ အသက် ၄၅ နှစ်အရွယ် ဦးထွန်းထွန်းဝင်း ဆိုသူဖြစ်ပြီး နေအိမ်တွင် ရှိနေစဥ် လူတစ်စုက လာ ရောက် ခေါ်ဆောင်သွားပြီးနောက် ရွာအပြင် တောစပ်အရောက်တွင် သေနတ်ဖြင့်ပစ်သတ်သွားခြင်း ဖြစ်သည်ဟု သိရသည်။

သေဆုံးသွားသူ ဦးထွန်းထွန်းဝင်းသည် ပြည်ထောင်စု ကြံခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ USDP ၏ ကျေးရွာ အမာခံ အဖွဲ့ဝင် တစ်ဦးဖြစ်သည့်အပြင် စစ်ကောင်စီတပ်က လက်နက်တပ်ဆင် ဖွဲ့စည်းပေးထားသည့် ပျူစောထီးအဖွဲ့ဝင် တစ်ဦးလည်း ဖြစ်သည်။

၂၀၂၀ ရွေးကောက်ပွဲကာလတွင် USDP ပါတီအတွက် မဲဆွယ်စည်းရုံးရေး ခရီးစဥ်များတွင် တက်ကြွစွာ ပါဝင်ခဲ့သူ တစ်ဦးဖြစ်သည်ဟု ပိန္နဲတောကျေးရွာသားများက ပြောသည်။

ဦးထွန်းထွန်းဝင်းသည် စစ်တပ်က အာဏာသိမ်းပြီးနောက် လောင်းကစားဝိုင်းများအား စစ်တပ်နှင့် ကျေးရွာ အုပ် ချုပ်ရေးမှူးများထံမှ ကန်ထရိုက်ဆွဲကာ ယောက္ခမဖြစ်သူနှင့် အတူ လုပ်ကိုင်လျက်ရှိသည်ဟု သိရသည်။

ထို့အပြင် စစ်ကောင်စီတပ်ဖွဲ့များက ကျေးရွာအတွင်း CDM ပြုလုပ်သူ ဝန်ထမ်းများနှင့် ဆရာ/မများအား လိုက်လံ ဖမ်းဆီးရာတွင်လည်း ၎င်းကိုယ်တိုင် လမ်းပြအဖြစ် ပြုလုပ်နေသူလည်း ဖြစ်သည်ဟု ရွာသားများက ပြောသည်။

ဦးထွန်းထွန်းဝင်း ပစ်ခတ်ခံရပြီးသည့်နောက် နံနက်ပိုင်းမှာပင် သူ၏ အလောင်းအား အရေးပေါ် လူနာတင်ယာဥ် ဖြင့် ထားဝယ်မြို့ ဆေးရုံကြီးသို့ သယ်သွားသည်ဟု သိရသည်။