မန္တလေးရှိ ရဲမှူးရုံးပိုင် ဟု ဆိုသော ဆိုင်ခန်း ၉၀ နီးပါးအား ဖယ်ရှားရန် စာထုတ်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၃၀ ရက်။
မန်းမေခလာ ဆောက်လုပ်ရေးကုမ္ပဏီထံမှ ဝယ်ယူထားကြသည့် မန္တလေးတိုင်းဒေသကြီး ရဲတပ်မှူးရုံး ပိုင်ဆိုင် သည်ဟုဆိုသော လူနေသက်သာဆိုင်ခန်းများ နှစ်ပတ်အတွင်း ဖယ်ရှားပေးရန် စာထုတ် အသိပေးလာသည်ဟု သိရသည်။
သတ်မှတ်ရက်အတွင်း မဖယ်ရှားပေးပါက အင်အားသုံးဖယ်ရှားမည်ဟု ဇူလိုင်လ ၂၉ ရက်နေ့ ထုတ်စာထဲတွင် ဖော်ပြထားသည်။
အသက် ၅၀ အရွယ် ဆိုင်ခန်းပိုင်ရှင် အမျိုးသမီးတစ်ဦးက “အဲဒီနားမှာက အစိုးရရုံးတွေ များတယ်။ သူတို့ ရဲ မိသားစု နေအိမ်တွေကို အခုလူနေခန်းတွေက ပတ်ပတ်လည် ဝိုင်းဆောက်ထားတာလည်း ပါမယ်။ သူတို့ ကြောက်နေလို့ မြန်မြန်မောင်းထုတ်တာပေါ့။ နယ်တွေမှာ ရဲတွေ သေတာများလာပြီလေ“ ဟု ပြောသည်။
မည်သည့်အကြောင်းအရင်းကြောင့် ယခုကဲ့သို့ ဖယ်ရှားခိုင်းသည်ကို အတိအကျမသိရသေးသော်လည်း ရဲတပ်ဖွဲ့မိသားစုများ၏ လုံခြုံရေးကို စိုးရိမ်ပြီး ယခုကဲ့သို့ ဖယ်ရှားခိုင်းခြင်း ဖြစ်နိုင်သည်ဟု လူနေသက်သာ ဆိုင်ခန်းများတွင် ဆိုင်ဖွင့်ထားသူများက ပြောသည်။
ချမ်းအေးသာဇံမြို့နယ် တိုင်းရဲအကူ တပ်ဖွဲ့ဝန်း ၂၉×၃၀၊ ၆၆×၆၈ မကြားရှိ သက်သာဆိုင်ခန်း ၇၁ ခန်း၊ အောင်မြေ သာဇံမြို့နယ် လမ်း ၉၀နှင့် ၁၉ လမ်းထောင့် မင်းတဲအီကင်းရှိ ဆိုင်ခန်း ၁၇ ခန်း၊ လူနေဆိုင်ခန်းစုစုပေါင်း ၈၈ ခန်း ကို သြဂုတ်လ ၁၄ ရက်နေ့မတိုင်မှီ အပြီး ဖယ်ရှားရန် ရဲမှူးအောင်ကျော်ဦးက လက်မှတ်ရေးထိုး ပေးပို့ခဲ့ခြင်း ဖြစ် သည် ဟု သိရသည်။
ယခုဖယ်ရှားခိုင်းသည့် လူနေဆိုင်ခန်းများသည် လွန်ခဲ့သည့် ၇ နှစ်က သိန်း ၃၀၀ ကျော်ဖြင့် ဝယ်ထားခြင်း ဖြစ် သည် ဟု အသက် ၅၀ အရွယ် အဆိုပါ ဆိုင်ခန်းပိုင်ရှင် အမျိုးသမီး က ပြောသည်။
သတ်မှတ်ရက်အတွင်း ဆိုင်ခန်းများမှ ဖယ်ရှားထွက်ခွာခြင်း မရှိပါက ၁၉၅၅ ခုနှစ် အစိုးရအိမ် ဥပစာ (နှင်ထုတ် ခြင်း) အက်ဥပဒေအရ အင်အားသုံး ဖယ်ရှားရှင်းခြင်း ခံရမည်ဟုလည်း ခြိမ်းခြောက်ထားသည်ဟု ဆိုင်ခန်းပိုင်ရှင် များ၏ ပြောပြချက်အရ သိရသည်။
ဆောက်လုပ်ရေးဝန်ကြီးဌာနတွင် အယူခံဝင်ရာ ၂ကြိမ်စလုံး ရှုံးနိမ့်ခဲ့သဖြင့် ယခုကဲ့သို့ ဖယ်ရှားခိုင်းခြင်း ဖြစ်သည် ဟု သိရသည်။
ထို့အပြင် ပြီးခဲ့သည့် ဧပြီလကလည်း စစ်ကောင်စီလက်အောက်ခံ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန က ချမ်းအေးသာစံမြို့နယ်၊ ဗထူးအားကစားကွင်း ပတ်လည်ရှိ နေထိုင်ခွင့် စာချုပ်သက်တမ်း ၈ နှစ်နှင့် အထက် ကျန် ရှိနေသော ဈေးဆိုင်ခန်းများနှင့် တိုက်ခန်းများတွင် နေထိုင်သူများကိုလည်း ဖယ်ရှားခဲ့သေးသည်။