မွန်လေပြင်းကြောင့် နေအိမ်များ ဆိုင်ခန်းများပျက်စီး

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ ဩဂုတ်လ ၁၇ ရက်။

မွန်ပြည်နယ်တွင် လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်နှင့် ဆိုင်ခန်း ၁၀ လုံးခန့် ထိခိုက် ပျက်စီးသွားသည်ဟု ဒေသခံများနှင့် လူမှုကယ်ဆယ်ရေးအဖွဲ့ဝင်များက ပြောသည်။

ချောင်းဆုံနှင့် မုဒုံမြို့နယ်တို့ သြဂုတ်လ ၁၆ ရက်နေ့၊ နံနက် ၈ နာရီ အချိန်ခန့်က မိုးသည်းထန်စွာ ရွာသွန်းပြီး လေပြင်းတိုက်ခတ်ခဲ့ခြင်းကြောင့် ချောင်းဆုံမြို့နယ် ကလော့ကျေးရွာအုပ်စု အပြိုင်းကျေးရွာတွင် နေအိမ် ၆ လုံး ထိခိုက်ပျက်စီးခဲ့သည်။

”မိုးက မနေ့ကတည်းက ရွာနေတာ ဒီမနက်ကျတော့ မိုးရော လေရောတိုက်တယ်။ အိမ်တစ်လုံးကတော့ လုံးဝ ပြိုကျသွားတယ်။ ကျန်တဲ့အိမ်တွေကတော့ အမိုးတွေ လန်သွားတာ ယိုင်သွားတယ်” ဟု ဒေသခံတစ်ဦးက ပြော သည်။

သြဂုတ်လ ၁၅ ရက်နေ့ ညကလည်း မုဒုံမြို့တွင် လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်နှင့် ဆိုင်ခန်းများပေါ် သစ်ပင် ပြိုလဲသည့် ဖြစ်စဉ်လည်း ဖြစ်ပွားခဲ့သည်။

သစ်ပင်ပြိုလဲကျမှုကြောင့် ဆိုင်ခန်းတစ်ခန်းနှင့် လူနေအိမ် ၃ လုံး ထိခိုက်ပျက်စီးသွားခဲ့သည်ဟု လူမှုကယ်ရေး အဖွဲ့ဝင်များ၏ ပြောပြချက်အရ သိရသည်။

လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်အချို့ ထိခိုက်ပျက်စီးမှုရှိခဲ့သော်လည်း လူထိခိုက်သေဆုံးမှု မရှိဘူးဟုလည်း လူမှုကယ်ဆယ်ရေးအဖွဲ့ တာဝန်ရှိသူများ က ပြောသည်။

လေပြင်းကြောင့် နေအိမ် ထိခိုက်ပျက်စီးသွားသူများသည် လက်ရှိတွင် နီးစပ်ရာ ဆွေမျိုးများ၏ နေအိမ်များတွင် ပြောင်းရွှေ့နေကြရသည်။

ပြီးခဲ့သည့် မေလတုန်းကလည်း လေပြင်းတိုက်ခတ်မှုကြောင့် ပေါင်မြို့နယ် အလှပ်ကျေးရွာတွင် နေအိမ် ၉၀ ကျော် ထိခိုက်ပျက်စီးမှုရှိခဲ့သည်။

မွန်ပြည်နယ်တွင် သြဂုတ်လ ၁၅ ရက်နေ့၊ ညပိုင်းကစတင်ပြီး မိုးအဆက်မပြတ် ရွာသွန်းနေခြင်းကြောင့် မော်လမြိုင်၊ မုဒုံ၊ ပေါင်၊ ကျိုက်မရော၊ သံဖြူဇရပ်၊ ရေး အစရှိသည့် မြို့နယ်တို့တွင် ရေကြီးရေလျှံမှု များ ဖြစ်ပွားနေပြီး လူအချို့ ဘေးလွတ်သည့် နေရာအချို့တွင် ပြောင်းရွှေ့နေကြရသည်။