နှစ်ကျော့ပြန် စစ်ဘေးဒုက္ခသည်များ အကူအညီရရေးနှင့် ထိုးစစ်များရပ်တန့်ရေး ဆန္ဒပြ

သတင်းနှင့် မီဒီယာ ကွန်ရက်။
ဇန္နဝါရီလ ၅ ရက်နေ့၊ ၂၀၁၇ ခုနှစ်။

ကချင်ပြည်နယ်၌ အစိုးရစစ်တပ်၏ ထိုးစစ်ဆင်နေမှုများ ရပ်တန့်ပေးရန်နှင့် နှစ်ကျော့ပြန် စစ်ဘေး ဒုက္ခ ကြုံနေကြသည့် ပြည်သူများအား အကူအညီပေးရန် ထိုင်းနိုင်ငံ ချင်းမိုင်မြို့ရှိ မြန်မာကောင်စစ် ဝန်ရုံးရှေ့တွင် ယနေ့ မနက်ပိုင်းက ထိုင်းနိုင်ငံရောက် ကချင်တိုင်းရင်းသားများ စုပေါင်း၍ ဆန္ဒ ထုတ်ဖော်ခဲ့ကြသည်။

ဒီဇင်ဘာလ ၂၇ ရက်နေ့တွင် ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ KIO ၏ လိုင်ဖေါင်တပ်စခန်းကို အစိုးရ စစ်တပ်မှ သိမ်းယူခဲ့ပြီးနောက်ပိုင်း ယနေ့အချိန်အထိ တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားနေဆဲ ဖြစ်သည့်အတွက် ယခုလို လာရောက်တောင်းဆို ဆန္ဒပြခြင်းဖြစ်သည်ဟု ခေါင်းဆောင်သူတစ်ဦး ဖြစ်သည့် ကိုနော်ခမ်း မှ သတင်းထောက်များအား ပြောသည်။

သတင်းမီဒီယာမှာ တက်မလာတဲ့ အတွက် ကြောင့်မို့ ထိုးစစ်က ရပ်ပြီးပြီလို့ ထင်နေတယ် မဟုတ်ဘူး အခု ဆက်တိုက်ဖြစ်နေတယ် လိုင်ဖောင် ဂီဒေါင်း စခန်းတွေ အားလုံး သိမ်းပြီးရင် လည်း အစိုးရစစ်တပ်က ဟိုဖက် ငိုင်းကြံ့ဆိုတဲ့ လိုင်ဖောင်ရဲ့ အထက်မှာ ရှိတဲ့ ကျနော်တို့ရဲ့ ကချင်တော်လှန်ရေးတပ်တွေကို ဆက်ပြီးထိုးစစ် ဆင်နေတယ်။ အဲ့ဒီဟာတွေ အားလုံးရပ်တန့်ဖို့ ကျနော်တို့ဒီကနေ့ လာပြီး တောင်းဆိုခြင်း ဖြစ်တယ်၊ နောက်တချက်ကတော့ ကျနော်တို့ KIA လိုင်ဖောင်တပ်စခန်းရဲ့ အနောက်မှာရှိတဲ့ ဇိုင်းအောင် ကချင်ဒုက္ခသည်စခန်းမှာလည်း ဒီ အစိုးရ စစ်တပ်တွေက လက်နက်ကြီးတွေနဲ့ ထုနေတယ် အဲ့ဒါကြောင့် ဟု ကိုနော်ခမ်း မှ ပြောသည်။

ဆန္ဒထုတ်ဖော်ပွဲတွင် ကချင်ပြည်သူလူထုများ ဒုက္ခဆင်းရဲဖြစ်စေသည့် မြန်မာအစိုးရစစ်တပ်မှ ဖော်ဆောင်နေသော ထိုးစစ်များ စခန်းသိမ်းတိုက်ပွဲများအားလုံး ချက်ချင်းရပ်တန့်ရန်၊ ကချင်ပြည်နယ်နှင့် ရှမ်းပြည်မြောက်ပိုင်းတွင် အစိုးရ စစ်တပ်မှ ပြည်သူလူထုအား ဖမ်းဆီး သတ်ဖြတ်ခြင်း လူနေအိမ်များကို အမြောက်များဖြင့် ပစ်ခတ်ခြင်းများ မုံးကိုဒေသမှ ရွာသားများ၏ စပါးခင်းများ မီးရှို့ဖျက်ဆီးခြင်းများ စသည့် လူ့အခွင့်အရေး ချိုးဖောက်မှုများအား ချက်ချင်းရပ် တန့်ရန် တောင်းဆိုခဲ့ကြသည်။

ထို့အပြင် အစိုးရစစ်ဗျူဟာကုန်း၌ ပျောက်ဆုံးသွားသည်ဟု ပြောဆိုနေသော မုံးကိုဒေသခံ ကချင်သင်းအုပ်ဆရာတစ်ပါးနှင့် သင်းထောက်တစ်ပါးတို့ ပျောက်ဆုံးနေမှုအပေါ် မြန်မာအစိုးရမှ စုံစမ်းစစ်ဆေးဖေါ်ထုတ်ပေးရန် လည်း ထိုင်းနိုင်ငံရောက် ကချင်လူထု၏ သဘောထား ထုတ်ပြန် ထားသည်။

အလားတူ တရုတ်အစိုးရထံကိုလည်း အစိုးရစစ်တပ်၏ ပစ်ခတ်မှုကြောင့် တရုတ်နိုင်ငံဘက်ခြမ်း ထွက်ပြေးတိမ်းရှောင် ခိုလုံကြသော ဇိုင်းအောင်ဒုက္ခသည်များကို တရုတ်အစိုးရမှ ပြန်လည်မောင်း ထုတ်ခြင်းမပြုပဲ လူသားချင်း စာနာမှု အကူအညီများပေး၍ ကူညီစောင့်ရှောက်ပေးရန် လည်း တောင်းဆိုသည်။

ရွာကနေ ဒုက္ခသည်စခန်းကို တခါ ပြေးရတယ်။ နောက်ဆုံးအခုဟာ စစ်ပြေးဒုက္ခသည်စခန်းမှာ တစ်ရက်မှာ လက်နက်ကြီး ငါးလုံးခြောက်လုံးလောက် ပစ်ထည့်လိုက်တော့ အဲ့ဒီ စစ်ပြေးဒုက္ခ သည်စခန်းကနေ တခါ တောထဲကို တခါ ပြန်ပြေးရတယ် တရုတ်နိုင်ငံဖက်ခြမ်းသွားတော့ တရုတ်စစ်တပ်က နယ်စပ်မှာ တားဆီးပြီး ပေးမဝင်တော့ အဲ့ဒီ နယ်စပ်မှာပဲ ငှက်ပျောဖက် ခင်းပြီးမှပဲ လမ်းပေါ်မှာ အိပ်နေရတာတွေ့တယ်၊ နောက် နှစ်ရက်လောက် အဲ့ဒီမှာနေပြီးမှ တခါအခုပြန်လို့ရပြီးတဲ့ တခါ ပြန်သွားတယ် တခါပြန်သွားတော့ သူတို့ ရောက်တာနဲ့ တခါပြန်ပစ်တယ် အဲ့ဒီ ဒုက္ခသည်စခန်းထဲမှာ နှစ်ရက်သုံးရက်ဆက်တိုက် အဲ့သလိုပစ်နေတော့ အဲ့ဒါကို သံရုံးကနေတဆင့် အစိုးရဆီမှာအကြောင်းကြားပေးဖို့လာတောင်းဆိုတာပါ။ ဟု ဆန္ဒပြပွဲတွင် ပါဝင်သူတစ်ဦးဖြစ်သည့် ဦးဟောင်ခေါင်း မှ ပြောသည်။

ယနေ့ ကချင်တိုင်းရင်းသားများ၏ စုပေါင်းဆန္ဒထုတ်ဖော်ပွဲတွင် မြန်မာအစိုးရစစ်တပ်၏ ထိုးစစ်နှင့် ကချင်ဒုက္ခသည်များအား ဒုက္ခဆင်းရဲ ထပ်မံပေးနေမှုအပေါ် ထိုင်းနိုင်ငံရောက် ကချင်လူထု၏ တောင်းဆိုချက် ၅ ချက်ပါ သဘောထား ထုတ်ပြန်ချက်တစ်စောင် ထုတ်ပြန်ခဲ့သည်။

ထိုထုတ်ပြန်တောင်းဆိုချက်များကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့ရှိ မြန်မာကောင်စစ်ဝန်ရုံးမှ လက်ခံယူ ပေးဖို့ တောင်းဆိုခဲ့သော်လည်း တာဝန်ရှိသူတစ်ဦးတစ်ယောက်မှ လာရောက်လက်ခံရယူခဲ့ခြင်း မရှိခဲ့ပါ။