တောင်ကြီးရှိ တပ်ပိုင်ဆိုင်ခန်းများ နေရာ ရွေ့ခိုင်း
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ ဩဂုတ်လ ၂၀ ရက်။
ရှမ်းပြည်နယ်၏ မြို့တော် တောင်ကြီးမြို့တွင် စစ်ကောင်စီက တပ်ပိုင်ဆိုင်ခန်းများကို နေရာဖယ်ခိုင်းနေမှုများ ကြောင့် ဆိုင်ခန်းပိုင်ရှင်များက လုပ်ငန်းရပ်နားရတော့မည့် အခြေအနေဖြစ်နေသည်ဟု တပ်ပိုင်ဆိုင်ခန်း နေရာ များတွင် စျေးဆိုင်ခန်းဖွင့် ရောင်းချသူများက ပြောသည်။
အဆိုပါ တပ်ပိုင် လိုင်းခန်းများတွင် ဖွင့်လှစ်ထားသော ဆိုင်ခန်းများ၊ လူနေအိမ်ခန်းများနှင့် ကားဂိတ်များတွင် တပ် ဆင်ထားသည့် လျှပ်စစ်မီတာများကိုလည်း ဩဂုတ်လ ၂၀ ရက်နေ့တွင် ဖြုတ်သိမ်းမည်ဖြစ်ပြီး ဩဂုတ်လ ၂၈ ရက်နေ့ နောက်ဆုံးထား၍ အပြီးသတ်ပြောင်းရွှေ့ပေးရန် ညွှန်ကြားထားသည်ဟု ဆိုင်ခန်းပိုင်ရှင်များက ပြော သည်။
စစ်မြေပြင် ဆေးတပ်ရင်း (မဆရ) တပ်ပိုင် ဆိုင်ခန်းတွင် ထမင်းဆိုင်ဖွင့်ထားသည့် အသက် ၅၀ အရွယ် အမျိုးသမီး တစ်ဦးက “ဒီနားမှာက ထမင်းဆိုင်၊ ကွမ်းယာဆိုင်၊ ဝပ်ရှော့ဆိုင် တနေ့လုပ်မှ တနေ့စားရတဲ့ ဘဝတွေပါ။ နေရာအစားထိုး ပြန်ပေးရင် တော့ ပြဿနာ မရှိဘူးပေါ့။ ခုဟာက နေရာလည်း ပြန်မပေးပါဘူး။ အထက်အမိန့်လို့တော့ ပြောတာပဲ။ ဘယ် အထက်လဲတော့ မသိဘူး။ ကျမတို့ နေတာက ကျူးကျော်လည်း မဟုတ်ဘူးလေ။ စာချုပ်စာတမ်းနဲ့။ ပြောင်းရ မယ်ဆိုတော့ ဘယ်မှာနေရမယ် ဘာဆက်လုပ်ရမယ်ဆိုတာ မသိတော့ပါဘူး။ ပြန်ကျတောင် ရောင်းဖို့နေရာ မရှိ ဘူး” ဟု ပြောသည်။
တပ်ပိုင် လိုင်းခန်းများတွင် ဖွင့်လှစ်ထားသည့် အဝေးပြေးကားဂိတ်တွင် သာမက တောင်ကြီးမြို့ပေါ်ရှိ အဝေး ပြေးကားဂိတ်များ အားလုံးကိုလည်း ပြီးခဲ့သည့် ဇူလိုင်လ ၃၁ ရက်နေ့ နောက်ဆုံးထား၍ ယခုတည်ဆောက်နေဆဲ ဖြစ်သော အေးသာယာ ကားကြီးကွင်းအသစ်သို့ အပြီးသတ် ပြောင်းရွှေ့ခိုင်းခဲ့သည်ဟု သိရသည်။ သို့သော်လည်း ဆိုင်ခန်းများ ဆောက်လုပ်နေမှုမှာ မပြီးသေးသောကြောင့် ဩဂုတ်လ ၂၈ ရက်နေ့အထိ ရွှေ့ဆိုင်းထားခြင်း ဖြစ် ကြောင်း သိရသည်။
ယခုပြောင်းရွှေ့ခိုင်းသည့် တပ်ပိုင် ဆိုင်ခန်းများမှာ ၂၀၁၉ ခုနှစ်ကတည်းက ပြောင်းရွှေ့ရန် ညွှန်ကြားထားသော် လည်း COVID-19 ကပ်ရောဂါဘေးနှင့် အာဏာသိမ်းမှုတို့ကြောင့် ၅ ကြိမ်ခန့် အသနားခံစာ တင်ခဲ့၍ ဆက်လက် နေထိုင်ရောင်းချခွင့် ရခဲ့ကြောင်း သိရသည်။
မဆရတပ်ပိုင် ဆိုင်ခန်းတွင် ဆိုင်ကယ်ဝပ်ရှော့ဆိုင် ဖွင့်ထားသော အသက် ၃၀ ကျော်အရွယ် အမျိုးသား တစ်ဦး က “တကယ်တော့ ဒီတစ်ကြိမ်လည်း အသနားခံစာ တင်လို့ရမယ်ထင်တာပေါ့။ ဒါပေမယ့် အဝေးပြေးကားဂိတ် ပြောင်းရွှေ့အမိန့်ကလည်း ကျလာတော့ တစ်ခါတည်း ပြောင်းခိုင်းတဲ့သဘောပေါ့။ အဝေးပြေးဂိတ်ပဲ ပြောင်း ခိုင်းပြီး ဈေးဆိုင်တွေက မပြောင်းရဘူးဆိုရင် အဓိပ္ပာယ် မရှိဘူးလေ။ ကျနော်ကတော့ မိဘအိမ်ပဲ ကပ်နေရ မှာ ပေါ့။ ဒီကာလကြီးထဲမှာ အိမ်းငှားခလည်း စပေါ်မတင်နိုင်ဘူး။ လုပ်ငန်းကတော့ ပြန်ကျနေရာ မတွေ့ရင် ရပ်ရ မယ်ထင်တယ်” ဟု ပြောသည်။
ထို့ပြင် ဆိုင်ခန်းများ၊ အဝေးပြေးဂိတ်များနှင့် ပတ်သက်သည့် လက်ဝယ် ကိုင်ဆောင်ထားသော လိုင်းခန်းပိုင်ဆိုင် ကြောင်း စာချုပ်များကိုလည်း စစ်ကောင်စီတပ်သားများမှ ဩဂုတ်လဆန်းပိုင်းကစပြီး အဓမ္မသိမ်းယူသွားသည် ဟု ဂိတ်ပိုင်ရှင်များက ပြောသည်။
လက်ရှိဆိုင်ခန်း ပိုင်ရှင်များအနေဖြင့် ယခင်က တစ်လလျှင် ကျပ် ၁၂,၀၀၀ ဖြင့် ဆိုင်ရာ စစ်တပ်များကို ငွေကြေး ပေးဆောင်နေရသော်လည်း ၂၀၁၉ ခုနှစ်တွင် ပြောင်းရွှေ့ရန် ညွှန်ကြားလာသည့် အချိန်မှစ၍ ဆိုင်ခန်းခကို ကောက်ခံခြင်း မရှိတော့ဘူးဟု သိရသည်။
ယခုပြောင်းရွှေ့ရန် အမိန့်ကျလာသည့် ဆိုင်ခန်းများနှင့် လူနေလိုင်းခန်းများမှာ စဝ်စံထွန်း ရပ်ကွက်ရှိ မြေပြင် ဆေး တပ်ရင်း (မဆရ-၂) ပိုင်ဆိုင်သည့် ဆေးတပ်တိုက်တန်းနှင့် အရှေ့ပိုင်တိုင်းစစ်ဌာနချုပ် (ရပခ) ပိုင်ဆိုင်သည့် မော ချယ်ရီ အဝေးပြေးကားဂိတ်များ၊ ကျောင်းကြီးစု ရပ်ကွက်ရှိ ၂၁၂ – ဆက်သွယ်ရေးတပ် (ဆသရ) ပိုင်ဆိုင်သော ဈေးဆိုင်ခန်များ၊ တောင်ကြီးမြို့ထွက် GE-ဆောက်လုပ်ရေးတပ် (ဆလအ) ပိုင်ဆိုင်သည့် အဝေးပြေးကားဂိတ် များနှင့် ဆိုင်ခန်းများ ပါဝင်ပြီး ၎င်းဆိုင်ခန်းများမှာ န.ဝ.တ အစိုးရလက်ထက်တွင် ဆောက်လုပ်ခဲ့ခြင်း ဖြစ်သည် ဟု သိရသည်။
လက်ရှိ တပ်ပိုင်မြေ အားလုံးတွင် နေထိုင်ရောင်းချနေသော ဆိုင်ခန်း၊ လိုင်းခန်း အရေအတွက် စုစုပေါင်းမှာ ၅၀၀ ကျော်ရှိပြီး မိသားစုပေါင်း ထောင်နှင့်ချီနေထိုင်ကြသည့်အပြင် အဝေးပြေးကားဂိတ်မှာလည်း ဂိတ်ပေါင်း ၅၀ ကျော်ခန့်ရှိနိုင်သည်ဟု သိရသည်။
ထို့ကြောင့် လက်ရှိပြောင်းရွှေ့ရမည့် ဆိုင်ခန်းရှင်များမှာ နေစရာနေရာအတွက် သာမက ဆိုင်ဖွင့်ရန် နေရာလည်း အသစ်ပြန်ရှာရမည် ဖြစ်သောကြောင့် လုပ်ငန်းရပ်ဆိုင်းရမည့် အခြေအနေရှိနေသည်ဟု ဆိုင်ခန်းများဖွင့်ထားသူများက ပြောသည်။
ထို့ပြင် အဝေးပြေးကား ဂိတ်များမှာလည်း အေးသာယာတွင် ဆောက်လုပ်နေသော သိန်း ၇၀၀ တန် ဆိုင်ခန်းများ ကို ဝယ်ယူရန် ခက်ခဲနေသောကြောင့် ယာဉ်လိုင်းပြေးဆွဲမှုများကိုပါ ရပ်ဆိုင်းရမည့် အခြေအနေ ဖြစ်နေသည်ဟု ဆိုကြသည်။