ရဲနှင့် ပျူစောထီးများ၏ ကား မိုင်းဆွဲခံရ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ ဩဂုတ်လ ၂၀ ရက်။
ရဲတပ်ဖွဲ့ဝင်များနှင့် ပျူစောထီးများ လိုက်ပါလာသည့်ကား ထားဝယ်ခရိုင်အတွင်း မိုင်းဆွဲ တိုက်ခိုက်ခံရပြီး ထိခိုက်ဒဏ်ရာ ရသူများ ရှိခဲ့သည်ဟု ဒေသခံများက ပြောသည်။
ထားဝယ်ခရိုင် ရေဖြူမြို့နယ် ကံပေါက်နယ်မြေ ရဲစခန်းမှ ရေဖြူမြို့ အစည်းအဝေးသို့သွားရန် ရဲအရာရှိ အပါဝင် ရဲတပ်ဖွဲ့ဝင်များနှင့် ပျူစောထီးများ လိုက်ပါလာသည့်ကား မိုင်းဆွဲတိုက်ခိုက်ခံလိုက်ရပြီး ထိခိုက်ဒဏ်ရာ ရရှိသူ များ ရှိခဲ့သည်ဟု ဒေသခံများက ပြောသည်။
ရေဖြူမြို့နယ်၊ မိုင်တိုင် ၄၀ အနီးတွင် သြဂုတ်လ ၁၉ ရက်နေ့၊ နံနက် ၈ နာရီအချိန်ခန့်က မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရပြီး ထိခိုက်ဒဏ်ရာ ရရှိသူများရှိခဲ့သည် ဟု ဒေသခံများက ပြောသည်။
“မနက်စောစော တောခုတ်ရင်း ခဏနားနေချိန်မှာ ဂျိမ်း ဆိုတဲ့ ပေါက်ကွဲသံ တချက်တော့ ကြားလိုက်ရတယ်။ ဘာဖြစ်မှန်း မသိဘူး။ နေ့လည် အိမ်ပြန်ရောက်မှ ကားမိုင်းဆွဲခံရမှန်းသိတယ်” ဟု အသက် ၃၀ နှစ်ခန့် အရွယ် ရွာသားတစ်ဦးက ပြောသည်။
မိုင်းဆွဲ တိုက်ခိုက်ခံလိုက်ရသည့် ကားထဲတွင် ရဲအရာရှိ အပါအဝင် ရဲတပ်သားများ၊ ပယကျေးရွာနှင့် ဇာဒီကျေးရွာ တို့က ပျူစောထီးများ စုစုပေါင်း ၆ ဦးခန့် ပါဝင်သည်ဟု သိရသည်။
တိုက်ခိုက်ခံရမှုကြောင့် ကံပေါက် နယ်မြေရဲစခန်းက ရဲအရာရှိ ပေါင်ရင်း မိုင်းစထိမှန်သွားပြီး စိုးရိမ်ရကာ ကျန်သူ များမှာ မှန်ကွဲစ ထိမှန် ပြတ်ရှဒဏ်ရာများနှင့် မိုင်းစထိမှန် ဒဏ်ရာများရရှိခဲ့သည်ဟု အဆိုပါ နယ်မြေရဲစခန်းနှင့် နီး စပ်သူတစ်ဦး က ပြောသည်။
မိုင်းဆွဲ တိုက်ခိုက်ခံလိုက်ရသည့် ကားမှာ ပယကျေးရွာမှ ပျူစောထီးအဖွဲ့ဝင် ဦးခေါင်းပု ဆိုသူ၏ ကားဖြစ်ပြီး ပြန်လည်အသုံးပြု၍ မရနိုင်တော့သည့်အတွက် မိုင်းပေါက်ကွဲခဲ့သည့် နေရာတွင်ပင် ထားခဲ့ကြသည်ဟု သိရ သည်။
ဒဏ်ရာရရှိသူများကို ကလိန်အောင်မြို့ ဆေးရုံမှ တစ်ဆင့် ကံပေါက် မောရဝတီ ရေတပ်စခန်း ဌာနချုပ် ဆေးရုံသို့ အသီးသီး ပို့ဆောင်ထားသည် ဟု သိရသည်။
အလားတူ ကလိန်အောင်မြို့မှ ခြောက်မိုင်အကွာတွင်အိမ်စီးကားတစ်စီး သြဂုတ်လ ၁၉ ရက်နေ့၊ နံနက် ၉ နာရီခွဲ အချိန်ခန့်က ပစ်ခတ်တိုက်ခိုက်ခံခဲ့ရပြီး ကားအတွင်းလိုက်ပါလာသည့် ဒု-ရဲအုပ် တစ်ဦး အပါအဝင် လေးဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြသည်ဟု ဒေသခံများကပြောသည်။
နိုင်ငံရေးအမှု တစ်ခုအတွက် ရဲအရာရှိ အပါအဝင် ရဲတပ်သားများ၊ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးနှင့် ပျူစောထီး အဖွဲ့ဝင် အချို့ လိုက်ပါလာသည့် ယင်းအိမ်စီးကားသည် ထားဝယ်ဘက်သို့ မောင်းနှင်လာစဥ် ကလိန်အောင်မြို့နှင့် ကျောက်ရှပ်ကျေးရွာ အကြားတွင် ပစ်ခတ်တိုက်ခိုက်ခံလိုက်ရခြင်း ဖြစ်သည်ဟု ဒေသခံများက ဆိုသည်။
“ကားမောင်းတဲ့ ဒု-ရဲအုပ်က ဝမ်းဗိုက်မှာ ကျည်ထိထားလို့ အသက်စိုးရိမ်ရတယ် ကြားတယ်။ ကျန်လူတွေက လက်တွေမှာ လောက်ထိတာလို့ သိရတယ်” ဟု ကျောက်ရှပ်ရွာသား တစ်ဦးက ပြောသည်။
ပစ်ခတ်တိုက်ခိုက် ခံရမှုကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့သူ ဒု-ရဲအုပ် အပါအဝင် ၄ ဦးကို အရေးပေါ် လူနာတင်ကား
ဖြင့် ရေဖြူဘက်သို့ တင်ဆောင်သွားသည်ကို မြင်တွေ့ခဲ့ရသည်ဟု ဒေသခံများက ပြောသည်။