KNU ဥက္ကဌ PPST ဦးဆောင်နာယက လုပ်မည်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ ဩဂုတ်လ ၂၅ ရက်။

ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ PPST ၏ ဦးဆောင်နာယကတာဝန်ကို ကရင်အမျိုးသား အစည်းအရုံး KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးက လက်ခံလိုက်သည်ဟု PPST ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက PPST ဦးဆောင်နာယက တာဝန်ထမ်းဆောင်ရန်အတွက် PPST ၏ ကမ်းလှမ်းမှုကို လက်ခံကြောင်း ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးက လက်မှတ်ရေးထိုး အကြောင်းပြန်ကြားသည့် စာတစ်စောင် Facebook လူမှုကွန်ရက် စာမျက်နှာပေါ်တွင် ပြန့်နှံ့လာခဲ့သည့်အပေါ် မေးမြန်းရာတွင် PPST ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး စောကျော်ညွှန့်က ထိုသို့ ပြောဆိုလိုက်ခြင်း ဖြစ်သည်။

PPST ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး စောကျော်ညွှန့်က “လက်ရှိသွားနေတဲ့ အခင်းအကျင်းအရပေါ့လေ ဦး ဆောင်နာယက အနေနဲ့ PPST အဖွဲ့ကို လိုအပ်တဲ့ ထိန်းညှိမှုတွေ ဆောင်ရွက်ပေးနိုင်ဖို့အတွက် အဲလိုမျိုး ဦးဆောင် နာယက အနေနဲ့ တာဝန်ယူဆောင်ရွက်ပေးဖို့ ပုဂ္ဂိုလ်အရသော်လည်းကောင်း စာနဲ့သော်လည်းကောင်း ကျနော် တို့ ချိတ်ဆက်ညှိနှိုင်းမှုတွေ မေတ္တာရပ်ခံတာတွေလည်း ကျနော်တို့ တောက်လျှောက် လုပ်လာခဲ့တဲ့အပေါ်မှာ မနေ့ တနေ့က ထွက်တဲ့ စာအရကတော့ PPST ရဲ့ ဦးဆောင်နာယက အဖြစ်ပေါ့လေ အဖွဲ့အစည်းရဲ့ ကိုယ်စားပြုမှု မဟုတ်ပဲနဲ့ သူ့ရဲ့ ပုဂ္ဂိုလ်ရေးအရ လွတ်လပ်တဲ့ ဆုံးဖြတ်ချက်နဲ့ ဒါကျနော်တို့ PPST ရဲ့ ဦးဆောင်နာယက အနေနဲ့ သူက ပါဝင်ပြီးတော့ ကူညီဆောင်ရွက်မှုတွေ လုပ်ပေးဖို့ ထိန်းညှိမှုတွေ ဆောင်ရွက်ပေးဖို့ သဘောတူ ပြန်ကြား တယ်ဆိုတဲ့ စာကတော့ မှန်ပါတယ်ခင်ဗျာ” ဟု ပြောသည်။

ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုး ယခုလက်ခံလိုက်သည့် ဦးဆောင်နာယက ရာထူးသည် ကရင်အမျိုးသား အစည်း အရုံး KNU ကို ကိုယ်စားမပြုပဲ ၎င်း၏ ပုဂ္ဂိုလ်ရေးအရသာ ပါဝင်ခြင်းဖြစ်သည်ဟု PPST ပြောရေး ဆိုခွင့် ရှိသူက ဆိုသည်။

ဩဂုတ်လ ၄ ရက်နေ့ ရက်စွဲဖြင့် ဗိုလ်ချုပ်မှုးကြီး စောမူတူးစေးဖိုးက PPST ကို အကြောင်းပြန်ကြားထားသည့် စာ ထဲတွင်လည်း PPST အား နိုင်ငံရေးအရ လမ်းညွှန်မှုနှင့် ဦးဆောင်မှုများပေးနိုင်ရန် ဦးဆောင်နာယက အဖြစ် တာ ဝန်ယူဆောင်ရွက်ပေးပါရန် မေတ္တာရပ်ခံချက်အပေါ် အဖွဲ့အစည်းအား ကိုယ်စားမပြုဘဲ ကျွန်တော်၏ ပုဂ္ဂိုလ် အနေဖြင့် ပါဝင်ကာ ဦးဆောင်နာယက တာဝန်အား တာဝန်ယူ ဆောင်ရွက်ပါမည်ဖြစ်ကြောင်း လေးစားစွာ အကြောင်းပြန်ကြားအပ်ပါသည်ဟု ပြောဆိုထားသည်။

PPST ဦးဆောင်နာယက က လုပ်ဆောင်ရမည့် လုပ်ငန်းတာဝန်များနှင့် ပတ်သက်၍ ဗိုလ်မှူးကြီး စောကျော်ညွှန့် က ယခုကဲ့သို့ ဆက်ပြောသည်။

၎င်းက “ကျနော်တို့ ပြန်လည်ပြီးတော့ TOR အသစ်တွေရေးတယ်။ ရေးပြီးတော့လည်း ကျနော်တို့ ဒီ ဦးဆောင် နာယက ရဲ့ တာဝန်တွေ ဘာတွေ လုပ်ကိုင်မလဲဆိုတာကိုလည်းပဲ ခုနကပြောတယ် ဘာတွေ လုပ်ရမလဲ ဆိုတဲ့ ကိစ္စရပ်တွေကလည်း ကျနော်တို့ PPST ထဲမှာတော့ ညှိနှိုင်းပြုစုထားတဲ့ အခြေအနေတော့ ရောက်နေပြီ ပေါ့ လေ။ အဲ့လိုပြုစုတဲ့ အခါမှာလည်းပဲ တကယ့် PPST ရဲ့ ဦးဆောင်နာယကမှာ ပါဝင်သွားမယ့် ပုဂ္ဂိုလ်တွေနဲ့လည်း လိုက်လျောညီထွေမှုဖြစ်အောင်၊ အဓိကကတော့ ဒီ PPST ရဲ့ နိုင်ငံရေး လုပ်ငန်းလို့ပဲ ပြောမလား ငြိမ်းချမ်းရေး ဖြစ်စဉ်လို့ပဲ ပြောမလားပေါ့လေ နိုင်ငံရေး ပြဿနာကို နိုင်ငံရေး တွေ့ဆုံဆွေးနွေးခြင်းနည်းနဲ့ ဖြေရှင်းဖို့ ကြိုး ပမ်းဆောင်ရွက်တဲ့ ဖြစ်စဉ်မှာ ဦးဆောင်နာယက တစ်ယောက် အနေနဲ့ PPST ရဲ့ အဖွဲ့ကို လိုအပ်တဲ့ ညှိနှိုင်းမှုတွေ ထိန်းညှိမှုတွေ လိုအပ်သလို လမ်းညွှန်မှုတွေ ဆောင်ရွက်ပေးနိုင်ဖို့အတွက်ပေါ့လေ” ဟု ပြောသည်။

လက်ရှိတွင် PPST အဖွဲ့ဝင် အဖွဲ့အစည်းများထဲမှ အဖွဲ့ဝင်အချို့သည် လက်ရှိ နိုင်ငံရေး ပြဿနာများကို ဖြေရှင်း နိုင်ရန် နည်းလမ်းရှာသည့် အနေဖြင့် စစ်ကောင်စီက ကမ်းလှမ်းလာသည့် နိုင်ငံရေး တွေ့ဆုံဆွေးနွေးပွဲများကို တက်ရောက်နေကြပြီး ထိုဆွေးနွေးပွဲများမှာ တစ်ဆင့် သက်ဆိုင်ရာ နိုင်ငံရေး အစုအဖွဲ့များ အားလုံး ပါဝင်နိုင် သည့် နိုင်ငံရေး ဆွေးနွေးပွဲ အခင်းအကျင်းတစ်ခုသို့ ရောက်ရှိရန် မျှော်လင့်နေကြသည်ဟု ဆိုသည်။

စစ်ကောင်စီက ကမ်းလှမ်းလာသည့် နိုင်ငံရေး တွေ့ဆုံဆွေးနွေးပွဲသို့ တက်ရောက်နေသည့် အဖွဲ့များမှာ ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ RCSS၊ မွန်ပြည်သစ်ပါတီ NMSP၊ ကရင်ငြိမ်းချမ်းရေးကောင်စီ KNU/ KNLA -PC၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP၊ ပအို့ဝ်အမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ် PNLO၊ ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် DKBA နှင့် လားဟူ ဒီမိုကရက်တစ် အစည်းအရုံး LDU တို့ဖြစ်သည်။