ဟိုင်းကြီးကျွန်းတွင် ရခိုင် အချို့ ဖမ်းခံရ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၃၀ ရက်။
ဟိုင်းကြီးကျွန်းတွင် ရခိုင်လူမျိုး အချို့ စစ်ကောင်စီ တပ်ဖွဲ့များ၏ ဖမ်းဆီးမှုများ ခံနေရသည်ဟု ဒေသခံများ က ပြောသည်။
ဧရာဝတီတိုင်း၊ ငပုတောမြို့နယ်၊ ဟိုင်းကြီးကျွန်းဒေသအတွင်းက ကျေးရွာများရှိ ရခိုင်တိုင်းရင်းသားများကို AA နှင့် ဆက်သွယ်သည်ဟူသော အကြောင်းပြချက်နှင့် ဖမ်းဆီးနေသည်မှာ ယခုတစ်ကြိမ်နှင့် ဆိုလျှင် ၄ ကြိမ် မြောက်ရှိပြီဟု ဒေသခံများက ပြောသည်။
အသက် ၆၅ နှစ်ခန့် အရွယ် ဇီးချိုင် ဒေသခံရွာသားတစ်ဦး က “ဒီလထဲမှာပဲ ဇီးချိုင်ရွာက အသက် ၆၀ ကျော် ယောက်ကျားကြီးတစ်ယောက်နဲ့ အသက် ၂၀ ကျော် လူငယ်တွေဖြစ်တဲ့ ယောက်ကျားလေး ၃ ယောက်နဲ့ မိန်း ကလေး ၃ယောက်၊ အားလုံး ၇ ယောက်ကို ဖမ်းသွားတယ်” ဟု ပြောသည်။
စက်တင်ဘာလ ၂၄ ရက်နေ့က ငါးပြေမကျေးရွာသို့ စစ်ကောင်စီ လက်အောက်ခံ ဟိုင်းကြီး ရေတပ်မှ စစ်သားများ နှင့် ရဲတပ်ဖွဲ့ဝင်များပါသည့် အင်အား ၃၀ ခန့် ရောက်ရှိလာကာ ရခိုင်တိုင်းရင်းသား အမျိုးသားသုံးဦးကို ဖမ်းဆီး သွားသည်ဟု ဒေသခံများ က ပြောသည်။
“အခု အဖမ်းခံရတဲ့လူတွေက အေးအေးဆေးဆေး နေတဲ့လူတွေ။ ဘာနိုင်ငံရေးမှလည်း မလုပ်ကြဘူး။ သီဟိုဠ်ခြံ စိုက်တယ် နွားမွေးတယ် လူရိုးတွေပါ။ AA နဲ့ ဆက်သွယ်တယ်ဆိုပြီး ဖမ်းသွားတာ” ဟု အုပ်ချုပ်ရေးအဖွဲ့နှင့် နီးစပ်သူတစ်ဦး က ပြောသည်။
ဖမ်းဆီးခံရသူများသည် ငါးပြေမကျေးရွာမှ သီဟိုဠ် ခြံပိုင်ရှင် ရခိုင်တိုင်းရင်းသား ဦးလှတင်နှင့် အလုပ်သမားများ ဖြစ်သည့် ဦးထွန်းကြည်နှင့် ဦးကုလားရှည် တို့ဖြစ်ကြပြီး ယနေ့ အချိန်ထိ ဟိုင်းကြီးကျွန်းရှိ ရဲစခန်းတွင် စစ် ဆေး နေသည်ဟု သိရသည်။
“ဒီမှာနေရတာ ရခိုင်တွေအတွက် လုံခြုံမှူမရှိတော့ဘူး။ ဘယ်လောက်ပဲ ရိုးရိုးသားသား နေထိုင်ပေမယ့် ထစ်ကနဲ ဆို အဖမ်းခံရတော့မလားဆိုပြီး လန့်နေရတယ်” ဟု ဟိုင်းကြီးကျွန်းတွင် နေထိုင်သည့် ရခိုင်တိုင်းရင်းသား တစ် ဦး က ပြောသည်။
ဟိုင်းကြီးကျွန်းဒေသရှိ ရခိုင်တိုင်းရင်းသားများကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက စက်တင်ဘာလ ၁၃ ရက်နေ့မှ စတင်ကာ ဖမ်းဆီးနေခြင်းဖြစ်ပြီး ဖမ်းဆီခံရသူ စုစုပေါင်း အယောက် ၂၀ ခန့်ရှိနေပြီ ဖြစ်ပြီး ပြန်လည်လွတ် မြောက်လာသူ တစ်ဦးတစ်ယောက်မှ မရှိသေးသေးဘူးဟု ဒေသခံများက ပြောသည်။
ထို့အပြင် ယခုနှစ် ဧပြီလနှင့် မေလအတွင်းကလည်း ဟိုင်းကြီးကျွန်းမြို့အနီးရှိကျေးရွာများမှ ရခိုင်တိုင်းရင်းသား ၄၀ ဦးထက် မနည်းကိုလည်း ရက္ခိုင့်တပ်တော် (AA)နှင့် ဆက်စပ်မှုရှိသည်ဆိုသည့် သံသယဖြင့် စစ်ကောင်စီက ဖမ်းဆီးခဲ့သေးသည်ဟု ဒေသခံများက ပြောသည်။
ဓါတ်ပုံ – ဧရာဝတီတိုင်းမ်