ဆေးတပ်သားကား ဗုံးပစ်တိုက်ခိုက်ခံရ၊ လေးဦး သေဆုံး
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၂ ရက်။
စစ်ကောင်စီ ဆေး တပ်သားများ စီးနင်းလိုက်ပါလာသည့် အိမ်စီးကားတစ်စီး ရှမ်းပြည်နယ် မြောက်ပိုင်း၊ နမ့်ခမ်းမြို့တွင် ဗုံးပစ် တိုက်ခိုက်ခံခဲ့ရပြီး ဗိုလ်အဆင့်ရှိသူ တစ်ဦးအပါ အဝင် ၄ ဦး သေဆုံးသွားသည်ဟု မြို့ခံပြည်သူများက ပြောသည်။
နမ့်ခမ်းမြို့ ဟိုနောင်ရပ်ကွက်၊ မိုင်းဝီးလမ်းရှိ မီးကင်းစခန်းအနီး အကင်ဆိုင်တစ်နေရာတွင် ဘီယာသောက်၍ ဟိုနောက်ရပ်ကွက်ရှိ စခန်းသစ် (ကုန်းပေါ်စခန်း) သို့ ပြန် လာကြသည့် စစ်ကာင်စီဆေးတပ်သားများ စီးနင်းလိုက်ပါလာသော အိမ်စီးကားမှာ စက်တင်ဘာလ ၂၉ ရက်နေ့၊ ည ၆ နာရီခွဲ အချိန်ခန့်တွင် မျက်နှာချင်းဆိုင် အနေအထားဖြင့် တဖက်အိမ်စီးကားပေါ်မှ ဗုံးပစ်ထည့်ခဲ့ခြင်းဖြစ်သည်ဟု မြို့ခံတစ်ဦးက ပြောသည်။
မျက်မြင်တွ့ခဲ့သူ အသက် ၃၀ အရွယ် နမ့်ခမ်းမြို့ခံ အမျိုသားတစ်ဦးက “ဗုံးကွဲပြီးချင်းတော့ မီးမလောင်ဘူး။ တစ်ယောက်ကို ဆွဲထုတ်နိုင်သေးတယ်။ နောက်မှ ထပေါက်ပြီး မီးလောင် တာ။ မီးထဲအော်ဟစ်နေကြတာ ကြား လိုက် ရတယ်။ ခြေထောက်ပြတ်တဲ့ တယောက်ကလည်း အော်သံ အကျယ် ကြီးပဲ။ ပြတ်တဲ့ ခြေထောက်က လမ်းပေါ် မှာ မြင်နေရတုန်း ဖြတ်မောင်းတဲ့ကားက ကြိတ်သွားတယ်” ဟု ပြောသည်။
ထိုဗုံးပေါက်ကွဲမှုကြောင့် စစ်ကောင်စီတပ်သား ၄ ဦးအနက် စစ်ဆရာဝန် ၂ ဦးမှာ ပွဲချင်းပြီးသေဆုံးကာ ဗိုလ်ကြီး အဆင့် တစ်ဦးမှာ ဆေးရုံခေါ်သွားသည့် လမ်းတွင် သေဆုံးကြောင်း မြို့ခံပြည်သူများက ပြောသည်။
အလားတူ ကျန်ရှိသည့် တစ်ဦးမှာလည်း ခြေထောက်ပြတ်ကာ ပြင်းထန်ဒဏ်ရာ ရရှိခဲ့ပြီး စက်တင်ဘာလ ၃၀ ရက်နေ့ နံနက်ပိုင်းတွင် သေဆုံးသွားသည်ဟု စစ်ကောင်စီနှင့် နီးစပ်သူများက ပြောသည်။
ဗုံးပေါက်ကွဲမှု ဖြစ်ပြီးနောက် လူမှုကယ်ဆယ်ရေးအသင်းများ ရောက်ရှိလာပြီး မီးလောင်နေသည့် ကားကို အချိန် မှီ မီးငြိမ်းသတ်နိုင်ခဲ့သည်ဟု သိရသည်။ ထို့နောက်တွင် စစ်ကောင်စီလက်အောက်ခံ စစ်သားများနှင့် ရဲတပ်ဖွဲ့ဝင် များ ရောက်ရှိလာပြီး မြို့အနှံ့စစ်ဆေးမှုများ ပြုလုပ်ခဲ့သည့်အပြင် လမ်းအချို့ကိုလည်း ပိတ်ထားခဲ့သည်ဟု သိရသည်။
“အိမ်စီးကားထဲမှာ စစ်သားပါလာတာကို သိတယ်ဆိုတော့ တော်တော်ကို သတင်းရထားလို့ဖြစ်မယ်။ ဖရဲသီးပါ နိုင်တယ်။ တော်တော်တိကျတယ်။ မျက်နှာချင်းဆိုင် အနေအထားမှာ တည့်ပစ်နိုင်ဖို့ မလွယ်ဘူး” ဟု ဒေသခံ တစ်ဦးက ပြောသည်။
နမ့်ခမ်းမြို့တွင် စစ်ကောင်စီတပ်သားများ တိုက်ခိုက်ခံရမှုမှာ ၂၀၂၁ စစ်အာဏာသိမ်းပြီးကတည်းက ယခုအကြိမ် သည် ပထမဆုံးအကြိမ် ဖြစ်သည်။
နမ်းခမ်းမြို့တွင် လက်ရှိ တအန်း အမျိုးသားလွတ်မြောက်ရေး တပ်မတော် TNLA၊ ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် SSPP/SSA၊ ကချင်လွတ်လပ်ရေး တပ်မတော် KIA စသည့် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များ စစ်ရေးလှုပ်ရှားနေ သည့် အပြင် စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ် အဖွဲ့များစွာလည်း ရှိသည့် တရုတ်-မြန်မာ နယ်စပ်ရှိ မြို့ တစ်မြို့ ဖြစ်သည်။
သို့သော်လည်း နမ့်ခမ်းမြို့တွင် တော်လှန်ရေး အင်အားစုများနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF)များ မရှိပေ။ ထို့အပြင် ယခု တိုက်ခိုက်မှုမှာ မည်သည့်အဖွဲ့အစည်း၏ လက်ချက်ဖြစ်သည်ကို မှန်းဆ၍ မရသေးကြောင်း နမ့် ခမ်းပြည်သူများက ဆိုသည်။