အုပ်ချုပ်ရေးမှူး တစ်ဦး ဈေးဝယ်နေစဉ် ပစ်သတ်ခံရ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၆ ရက်။

ရေးမြို့ တွင် ရပ်ကွက်အုပ်ချုပ်ရေးမှူး တစ်ဦး အိမ်အနီး ဈေးဆိုင်တွင် ဈေးဝယ်နေစဉ် ပစ်သတ်ခံရသည်ဟု မြို့ခံများက ပြောသည်။

မွန်ပြည်နယ်၊ ရေးမြို့၊ သီရိဇေယျာရပ်ကွက်၊ အုပ်ချုပ်ရေးမှူး ဦးမင်းသိန်းဦးသည် အောက်တိုဘာ ၅ ရက်နေ့၊ နံနက် ၁၀ နာရီ ဝန်းကျင် အချိန်ခန့်က ပစ်ခတ်ခံရခြင်း ဖြစ်သည်။

အသက် ၅၀ အရွယ်ရှိ အုပ်ချုပ်ရေးမှူး ဦးမင်းသိန်းဦးသည် နေအိမ်အနီးရှိ စျေးဆိုင်တွင် စျေးဝယ်နေစဥ် ပစ်သတ်ခံရသည်ဟုလည်း သိရသည်။

”ဒီမနက် ၁၀ နာရီလောက်မှာ ဖြစ်သွားတာပါ။ သူ့အိမ်အနားက မုန့်ဆိုင်မှာ ရှိနေတဲ့အချိန်မှာ အပစ်ခံရတာ ဖြစ်တယ်။ သေနတ်သမားတွေက ဆိုင်ကယ်နဲ့လာပြီး ပစ်သတ်သွားတယ်” ဟု မြို့ခံတဦးက ပြောပါတယ်။

အုပ်ချုပ်ရေးမှူး ဦးမင်းသိန်းဦးကို မွန်ပြည်နယ်အခြေပြု တော်လှန်ရေးအဖွဲ့ (Mon State Revolutionary Organization) ပစ်ခတ်ရှင်းလင်းခဲ့ခြင်း ဖြစ်သည်ဟု အဆိုပါအဖွဲ့က ထုတ်ပြန်ထားသည်။

ဦးမင်းသိန်းဦးသည် စစ်ကောင်စီနှင့် ပက်သက်ဆက်နွယ်မှုရှိပြီး ၎င်းကြောင့် ဖမ်းဆီးခံရသူများ ရှိနေသည့်အတွက် ယခုကဲ့သို့ ရှင်းလင်းခဲ့ရခြင်း ဖြစ်သည်ဟုလည်း MSRO အဖွဲ့က ထုတ်ပြန်ပြောဆိုထားသည်။

အောက်တိုဘာလ ၄ ရက်နေ့၊ နံနက်ပိုင်းကလည်း ရေးမြို့နယ်၊ ‌ကျူံလောင်းကျေးရွာဟောင်းက ဦးအောင်မြင့် ဆိုသူကို စစ်ကောင်စီ၏ သတင်းပေးဟု ဆိုကာ MSRO အဖွဲ့က နေအိမ်တွင် ပစ်သတ်ခဲ့သည်။

ရေးမြို့နယ်တွင် အုပ်ချုပ်ရေးမှူးများ၊ ဝန်ထမ်းများနှင့် စစ်ကောင်စီသတင်းပေး ဒလန်ဟု စွပ်စွဲခံရသူများ ကို ဒေသအတွင်း လှုပ်ရှားနေသည့် တော်လှန်ရေး တပ်ဖွဲ့များနှင့် PDF အဖွဲ့များက မကြာခဏ ရှင်းလင်းလေ့ရှိသည်။

ထို့အပြင် အဆိုပါ တော်လှန်ရေး တပ်ဖွဲ့များနှင့် ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့ PDF အဖွဲ့များက စစ်ကောင်စီနှင့် ပူးပေါင်းသူ၊ ပတ်သက်ဆက်နွယ်သူနှင့် သတင်းပေးပြီး ဒလန်လုပ်နေသူများကို ဆက်လက်ရှင်းလင်းသွားမည် ဟု လည်း သတိပေး ထုတ်ပြန်ထားသည်။