တော်လှန်ရေးသမား၏ ဖခင် ပျူစောထီးကို ပစ်သတ်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၂၁ ရက်။
သားဖြစ်သူမှာ စစ်အာဏာရှင်တော်လှန်ရေးတွင် ပါဝင်နေသော်လည်း ဖခင်ဖြစ်သူမှာ ပျူစောထီးအဖွဲ့ဝင် ဖြစ်နေ သူ အမျိုးသားတစ်ဦးအား ရှင်းလင်းခဲ့ရကြောင်း ထားဝယ်(ပကဖ) DGRF အဖွဲ့က ထုတ်ပြန်လိုက်သည်။
ရေဖြူမြို့နယ်၊ ဝက်ချောင်းကျေးရွာက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF ၏ ရဲဘော်တစ်ဦး၏ ဖခင် ပျူစောထီး အဖွဲ့ဝင် ဦးညံအေး ဆိုသူအား ဒေသခံပြည်သူ့ကာကွယ်ရေး ပူးပေါင်းအဖွဲ့တို့က သေနတ်ဖြင့် ပစ်ခတ် ရှင်းလင်းခဲ့ သည်ဟု DGRF အဖွဲ့က သတင်းထုတ်ပြန်လိုက်သည်။
အသက် ၄၀ခန့်အရွယ် ရွာသားတစ်ဦးက “သူက စစ်တပ်ရွာမှာ တပ်စွဲချိန်တုန်းက ဆန္ဒပြပွဲ သပိတ်ပါဝင်တဲ့ သူ တွေကို လက်ညိုးထိုးပြ သတင်းပေးနေတဲ့ ပျူစောထီးပါ။ သူ့ကြောင့် အဖမ်းခံရသူတွေ မနည်းဘူး။ စစ်တပ် ပြန်သွားတော့ ရွာမှာမနေရဲပဲ ရှောင်ပြေးနေတာ” ဟု ပြောသည်။
ပျူစောထီးအဖွဲ့ဝင် ဦးညံအေး အသက် ၇၂ နှစ်ကို အောက်တိုဘာလ ၁၇ ရက်နေ့၊ မွန်းလွဲ ၁ နာရီခန့်က ရှင်းလင်းခဲ့ ခြင်း ဖြစ်သည်ဟု DGRF အဖွဲ့က ထုတ်ပြန်ထားသည်။
သေဆုံးသူ ဦးညံအေးတွင် Non-CDM ထွေအုပ်ဝန်ထမ်း လုပ်ကိုင်နေသူ သားကြီးတစ်ဦး၊ Non-CDM ကျောင်း ဆရာမတစ်ဦး နှင့် သားငယ်တစ်ဦးတို့ စုစုပေါင်းသားသမီး ၃ ဦးရှိပြီး သားငယ်ဖြစ်သူမှာ အမှန်တရားဘက်တွင် ရပ်တည်ကာ စစ်အာဏာရှင်ကို ဆန့်ကျင်နေသူဖြစ်ကြောင်း ဒေသခံများက ပြောသည်။
ကျေးရွာမှ ထွက်ပြေးတိမ်းရှောင်နေသည့် ဦးညံအေး နေအိမ်ကို ပြန်လည် ရောက်ရှိလာချိန်တွင် ထားဝယ် (ပကဖ) DGRF၊ လောင်းလုံး(ပကဖ) LLPDF နှင့် T-PDFအဖွဲ့တို့က ပူးပေါင်းရှင်းလင်းခဲ့သည်ဟု အောက်တိုဘာလ ၂၀ ရက်နေ့ တွင် သတင်းထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။
ထို့အပြင် ဦးညံအေး၏ သမီး ကျောင်းဆရာမကလည်း ကျေးရွာအတွင်း ဖခင်နှင့် ထွေအုပ်ရုံး လုပ်ကိုင်နေသည့် မောင်ဖြစ်သူ အားကိုးဖြင့် ခြိမ်းခြောက်ပြောဆိုခြင်းများလည်း ရှိနေသည်ဟု ဒေသခံများက ပြောသည်။
ဦးညံအေး၏ သားငယ်ဖြစ်သူမှာ စစ်အာဏာရှင်ဆန့်ကျင်ရေး ပါဝင်နေသူတစ်ဦးဖြစ်ပြီး ဖခင်ဖြစ်သူ၏ လုပ် ဆောင်နေမှုများကြောင့် ထိုက်သင့်သည့် အပြစ်ဒဏ် မဖြစ်မနေ စီရင်လိုက်ရခြင်းဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ဖေါ်ပြထားသည်။
ယခုကဲ့သို့ အပြစ်ဒဏ်စီရင်လိုက်ရသည့် အတွက် များစွာစိတ်မကောင်းဖြစ်မိကြောင်းနှင့် သားဖြစ်သူကို နားလည် ခွင့်လွှတ်ပေးပါရန် PDF ပူးပေါင်းအဖွဲ့များမှ အနူးအညွတ်တောင်းပန်အပ်ပါသည်ဟုလည်း ထည့်သွင်းရေးသား ထားသည်။