ပုသိမ်တွင် သတင်းထောက်ဟောင်း တစ်ဦး သေဆုံး
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၃၀ ရက်။
ဧရာ၀တီတိုင်း ပုသိမ်မြို့က Eleven နဲ့ 7 Days သတင်းဌာန တို့က သတင်းထောက်ဟောင်း တစ်ဦးဖြစ်သူ ကိုသက် ဆွေ အမည်ရင်း ကိုသက်မွန်အေး ရုတ်တရက် ကွယ်လွန်သွားခဲ့သည်။
သတင်းထောက်ဟောင်း ကိုသက်ဆွေသည် ဆီးချို နှင့် နှလုံးရောဂါ အခံရှိသူဖြစ်ပြီး ရုတ်တရက် ရင်ဘတ်အောင့် နှလုံးသွေးကြောပိတ်ကာ ကွယ်လွန်သွားခဲ့ခြင်းဖြစ်သည် ဟု ကျန်ရစ်သည့် မိသားစုဝင်များက ပြောသည်။
က သိရသည်။
“သူက နေ့ခင်းမှာ ရင်အောင့်တယ်လို့ပြောတယ်။ အဲ့ဒါ သူသောက်နေတဲ့ ဆေးတွေ တိုက်လိုက်တော့ နည်းနည်း သက်သာသွားတယ်။ ည ၆ နာရီခွဲလောက်မှာ အောင့်တယ်ဆိုပြီး ထပ်ဖြစ်ပြီးတော့ ဆုံးသွားတာ” ဟု ဇနီးဖြစ်သူ က ပြောသည်။
၎င်းသည် အောက်တိုဘာလ ၂၇ ရက်နေ့၊ ည ၆ နာရီ ၃၀ မိနစ် အချိန်တွင် ရုတ်တရက် ကွယ်လွန်ခဲ့ခြင်း ဖြစ်သည်။
သတင်းထောက် ကိုသက်ဆွေ (အမည်ရင်း ကိုသက်မွန်အေး) သည် ၂၀၀၇ ခုနှစ်က စတင်ကာ Eleven ဂျာနယ်တွင် သတင်းထောက်အဖြစ် စတင်လုပ်ကိုင်ခဲ့ပြီး ၂၀၁၅ ခုနှစ်တွင် 7 Days သတင်းဂျာနယ်သို့ ပြောင်းရွှေ့ပြီး သတင်း ဆောင်းပါးများ ရေးသားခဲ့သူဖြစ်သည် ဟု သတင်းထောက် အသိုင်းအဝိုင်းထံမှ စုံစမ်းသိရှိရသည်။
ထို့အပြင် ကိုသက်ဆွေ သည် ဧရာဝတီတိုင်း ကြက်ခြေနီ တပ်ဖွဲ့တွင် ၁၉၉၄ ခုနှစ်မှ ၂၀၀၀ ခုနှစ် အထိ အရာရှိငယ် တစ်ဦးအဖြစ် ပါဝင်ခဲ့သူတစ်ဦးဖြစ်ခဲ့သည် ဟု ပုသိမ်မြို့ ကြက်နီတပ်ဖွဲ့ တာဝန်ရှိသူ က ပြောသည်။
ပုသိမ်မြို့ က သတင်းထောက် တစ်ဦးကလည်း “သူက ဧရာဝတီတိုင်းမှာ သတင်း မီဒီယာ အခန်းကဏ္ဍ ဖွံ့ဖြိုးလာ ဖို့ ကြိုးစားခဲ့တဲ့သူပါ။ လူမှုရေးလည်း လုပ် တယ်။ ဆက်ဆံရေး ကောင်းသူတစ်ဦးပါ” ဟု မှတ်ချက်ပြုသည်။
၁၉၈၈ ခုနှစ် နောက်ပိုင်း ပုသိမ်မြို့ လူငယ်များကြားမှ သတင်းထောက်များ ဖြစ်လာသည့် ကြေးမုံသတင်းစာ က ကိုစောသာဒိုး၊ ပေါ်ပြူလာဂျာနယ်က ကိုဖိုးဇော်မြင့်တို့ ဖြစ်ပြီး ကိုသက်ဆွေသည် ၂၀၀၇ ခုနှစ်မှာ Eleven သတင်း ဂျာနယ်တွင် သတင်းထောက် ဖြစ်လာသူဟု ဆက်သိရသည်။
၂၀၂၁ ခုနှစ်၊ ဇန္နဝါရီလအထိ သတင်းဆောင်းပါးများ ရေးသားခဲ့ပြီး ၂၀၂၁ ခုနှစ် စစ်တပ်က အာဏာသိမ်းပြီး နောက် ပိုင်းတွင် သတင်းထောက်ဘဝကို ရပ်နားခဲ့သူ ဖြစ်သည်။
သတင်းထောက်ဟောင်း ကိုသက်ဆွေသည် ကွယ်လွန်ချိန်တွင် အသက် ၄၉ နှစ် ရှိပြီဖြစ်ပြီး ဇနီး ဖြစ်သူနှင့်အတူ အသက် ၈ နှစ် အရွယ်နှင့် အသက် ၁၂ နှစ် အရွယ် သား ၂ ဦး ကျန်ရစ်ခဲ့သည်ဟု ပုသိမ်မြို့ခံ သတင်းထောက် အသိုင်းအဝိုင်းထံမှ သိရသည်။