မော်လမြိုင် မြို့တွင်း ပစ်ခတ်မှု PDF ၅ ဦး ဖမ်းခံရ၊ စစ်ကောင်စီ ၂ ဦး သေဆုံး

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၁၅ ရက်။

မော်လမြိုင်ပစ်ခတ်မှု PDF ၅ ဦး အဖမ်းခံရပြီး စစ်ကောင်စီဘက်က ၂ ဦးသေဆုံးသွားသည်ဟု အထူးမြေအောက် လှုပ်ရှားမှု အင်အားစုက ထုတ်ပြန်လိုက်သည်။

မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ဇေယျာသီရိရပ်ကွက် (၃) တွင် ဖြစ်ပွားခဲ့သည့် ပစ်ခတ်မှုဖြစ်စဥ်အတွင်း PDF တပ်ဖွဲ့ ဝင် ၅ ဦး ဖမ်းဆီးခံပြီး စစ်ကောင်စီဘက်က ၂ ဦး သေဆုံးသွားခြင်း ဖြစ်သည်။

မော်လမြိုင်၊ ဇေယျာသီရိရပ်ကွက် ၃ ရှိ နေအိမ်တစ်အိမ်တွင် PDF တပ်ဖွဲ့ဝင်များ ရောက်ရှိနေကြောင်း သတင်းရရှိ ရာမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များက နိုဝင်ဘာလ ၁၄ ရက်နေ့၊ ညနေ ၅ နာရီခွဲ အချိန်ခန့်တွင် သွားရောက်ဖမ်းဆီးစဥ် အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့သည်။

အဆိုပါ ပစ်ခတ်မှုအတွင်း ၎င်းတို့ဘက်က အမျိုးသမီးတစ်ဦး အပါအဝင် တပ်ဖွဲ့ဝင် ၅ ဦးနှင့်အတူ လက်နက်ငယ် ၃ လက် ဖမ်းဆီးသိမ်းဆည်းခံရသည်ဟု အထူးမြေအောက်လှုပ်ရှားမှုအင်အားစု (Special Underground Movement Force) က ထုတ်ပြန်ထားသည်။

စစ်ကောင်စီဘက်မှ ရဲတစ်ဦးနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူး၏ သားဖြစ်သူတို့ သေဆုံးသွားသည်ဟုလည်း အထူး မြေအောက်လှုပ်ရှားမှုအင်အားစု (Special Underground Movement Force) ထုတ်ပြန်ချက်တွင် ပါရှိသည်။

“စစ်တပ်က သတင်းရလို့ အဲ့အိမ်ကို လာဝိုင်းရာကနေ ပစ်ခတ်မှုဖြစ်ကြတာလို့ သိရတယ်။ ပစ်နေကြတာ တော် တော်ကြာတယ်။ လက်နက်ကြီးတွေနဲ့လည်း ပစ်တယ်။ စစ်တပ်က အင်အား အလုံးအရင်းနဲ့ တစ်ရပ်ကွက်လုံးကို လည်း ပိတ်ဆို့ထားပြီး ပစ်တာ။ ည ၉ နာရီလောက်မှ အသံကတိတ်သွားတာ” ဟု ဇေယျာသီရိ ရပ်ကွက်တွင် နေ ထိုင်သူ တစ်ဦးက ပြောသည်။

ပစ်ခတ်မှုဖြစ်ပွားပြီးနောက် ရပ်ကွက်တစ်ခုလုံးကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ပိတ်ဆို့ထားကြောင်း ယနေ့ နံနက်ပိုင်းမှသာ သွားလာခွင့်ပေးသည်ဟုလည်း ရပ်ကွက်အတွင်း နေထိုင်သူများက ပြောသည်။

မော်လမြိုင် ပစ်ခတ်မှုဖြစ်စဥ်တွင် စစ်ကောင်စီဘက်က အင်အား ၃၀၀ ခန့်ဖြင့် လက်နက်ကြီး/ငယ်များနှင့် ပစ် ခတ် ပိတ်ဆို့ခဲ့ခြင်းကြောင့် ၎င်းတို့ တပ်ဖွဲ့ဝင်များ ဖမ်းဆီးခံလိုက်ရခြင်း ဖြစ်သည်ဟုလည်း အထူးမြေအောက် လှုပ်ရှားမှု အင်အားစု၏ ထုတ်ပြန်ချက်ထဲတွင် ထည့်သွင်းရေးသားထားသည်။

စစ်ကောင်စီဘက်က မော်လမြိုင် ပစ်ခတ်မှုဖြစ်စဥ်အတွင်း PDF ၆ ဦး ဖမ်းဆီးရမိထားသည်ဟု ထုတ်ပြန်ထား သော်လည်း ၎င်းတို့ဘက်က ထိခိုက်မှု အခြေအနေကိုမူ တစ်စုံတစ်ရာ ထုတ်ပြန်ထားခြင်း မရှိသေးပေ။