စစ်ကောင်စီ စစ်ကြောင်းကို တနင်္သာရီ PDF များက ကြားဖြတ်တိုက်ခိုက်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၁၆ ရက်။

တနင်္သာရီမြို့နယ်ရှိ၊ စစ်ကောင်စီတပ်များ နှင့် ဒေသခံပြည်သူ့ကာကွယ်ရေး မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တို့အကြား တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက် ၉ ဦး သေဆုံးခဲ့သည်ဟု ပကဖအဖွဲ့က သတင်းထုတ်ပြန်ထားသည်။

မော်တုန်းကျေးရွာ အနောက်ကမ်း နှင့် ဗောဓိကမ်းတံတားအနီးတို့တွင် ဖြစ်ပွားသော တိုက်ပွဲများအတွင်း စစ်ကောင်စီ တပ်ဖွဲ့ဝင် ၉ ဦးသေဆုံးကာ ၆ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်ဟု မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေး တပ်မတော်က သတင်း ထုတ်ပြန်ထားသည်။

တိုက်ပွဲ အခြေအနေနှင့် ပတ်သက်၍ မော်တုန်းရွာသားတစ်ဦးက “တိုက်ပွဲ စဖြစ်ကတည်းက စစ်တပ်ဘက်က လက်နက်ကြီး တဂျိမ်းဂျိမ်းနဲ့ အဆက်မပြတ်ပစ်နေတာ၊ သေနတ်သံတွေ စကြားပြီဆိုတာနဲ့ တရွာလုံး ဘေး လွတ်မယ် ထင်တဲ့နေရာတွေကို ထွက်ပြေး ရှောင်ပုန်းနေကြရတာ။ ဖုန်းလိုင်းတွေလဲ တနေ့လုံး ဆက်လို့ မရ တော့ဘူး” ဟု ပြောသည်။

တိုက်ပွဲဖြစ်ပွားခဲ့သည့် နိုဝင်ဘာလ ၁၄ ရက်နေ့က နှစ်ဖက်ကြား ပစ်ခတ်မှုများ ဖြစ်ပွားနေကြသည့်အပြင် ထိုနေ့ က တနေကုန်နီးပါး ဖုန်းလိုင်းများလည်း ပြတ်တောက်ကုန်သည်ဟု ဒေသခံများက ပြောသည်။

နိုဝင်ဘာလ ၁၄ ရက်နေ့၊ နံနက် ၆ နာရီ အချိန်ခန့်တွင် မော်တုန်းကျေးရွာ အနောက်ဖက်ကမ်းကို စစ်ကောင်စီ၏ ခမရ ၅၅၇ နှင့် ခမရ ၅၅၈ တပ်ရင်းတို့မှ အင်အား ၆၀ ခန့်သည် နယ်မြေရှင်းလင်းရန် စစ်ကြောင်းထိုးလာစဉ် ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ခြုံခိုတိုက်ခိုက်ခဲ့ရာမှ နှစ်ဖက်ကြား တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

အဆိုပါတိုက်ပွဲကို မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေး တပ်မတော် တပ်ရင်း-၂၊ တပ်ခွဲ(၂)၊ တနင်္သာရီရိုးမ နှင့် တနင်္သာ ရီ ပြောက်ကျားအဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်း ဖြစ်ပြီး တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၉ ဦး သေဆုံးပြီး ၆ ဦး ဒဏ်ရာပြင်းထန်စွာ ရရှိသွားခဲ့သည်ဟု မြိတ်ခရိုင်တပ်ရင်း (၂) က သတင်းထုတ်ပြန်ထားသည်။

ထို့အပြင် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တစ်ဦးလည်း လက်မောင်း ကျည်ထိမှန်ဒဏ်ရာ (မစိုးရိမ်ရ) ရရှိခဲ့ ကြောင်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

အလားတူ နိုဝင်ဘာလ ၁၄ ရက်နေ့၊ နံနက် ၈ နာရီခန့်မှာပင် တနင်္သာရီမြို့ တဘက်ကမ်းရှိ တနင်္သာရီမြို့နှင့် ဘောဓိ ကမ်းကျေးရွာ ချိတ်ဆက်ထားသည့် ချောင်းကူးတံတားအနီး နယ်မြေလုံခြုံရေး ယူထားသည့် အမတ ၃၀၆ နှင့် ခမရ ၅၅၇ တပ်ရင်းတို့မှ စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ပြည်သူ့ကာကွယ်ရေး တပ်မတော် မြိတ်ခရိုင် တပ်ရင်း-၂ တပ်ခွဲ (၁) နှင့် မဟာမိတ် တပ်ပေါင်းစုတို့ ပူးပေါင်းကာ သွားရောက်တိုက်ခိုက်ခဲ့ကြသည် PDF ပူးပေါင်းအဖွဲ့ ဘက် က ပြောသည်။

ညနေ ၅ နာရီ အချိန်ခန့်တွင် တိုက်ပွဲပြီးဆုံးခဲ့ပြီး တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ ၃ ဦး ထပ်မံသေဆုံးခဲ့ကာ ထိခိုက်ဒဏ်ရာရသွားသူများလည်း ရှိသည်ဟု တိုက်ပွဲတွင် ပါဝင်ခဲ့သည့် ပြည်သူ့ကာကွယ်ရေး တပ်သားတစ်ဦးက ပြောသည်။

“စစ်တပ်က ရမ်းသမ်းပစ်လို့ ပြည်သူတစ်ဦး ထိခိုက်သွားတယ်လို့ သိရတယ်၊ လက်နက်ကြီးကျည် ကျလို့ နေအိမ် တချို့ ပျက်စီးတာတွေလည်းရှိတယ်။ အသေးစိတ်သိအောင်တော့ စုံစမ်းနေတုန်းပဲ” ဟု မြိတ်ခရိုင်တပ်ရင်း (၂) မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

တနင်္သာရီမြို့နယ်အတွင်း နိုဝင်ဘာလ ပထမပတ်မှစတင်၍ စစ်ကောင်စီတပ်ဖွဲ့များနှင့် ၎င်းတို့၏ ယာဉ်တန်းများ ကို ဒေသခံ ပြည်သူ့ကာကွယ်ရေး မဟာမိတ် ပူးပေါင်းတပ်ဖွဲ့များက ခြုံခိုတိုက်ခိုက်ခြင်း၊ မိုင်းဆွဲတိုက်ခိုက်ခြင်း၊ စစ်ကောင်စီ စခန်းများကို သွားရောက်တိုက်ခိုက်ခြင်းများ ဆက်တိုက်လုပ်ဆောင်လျက်ရှိရာ စစ်တပ်ဘက်က အယောက် ၂၀ ခန့်သေဆုံးပြီး အယောက် ၃၀ ကျော် ထိခိုက်ဒဏ်ရာရရှိထားသည်ဟု ဒေသခံ PDF အဖွဲ့ တာဝန်ရှိ သူများက ပြောသည်။