နန်းထိုက်အောင် စစ်ဆင်ရေး လုပ်ငန်းတရပ်အဖြစ် ပျူစောထီး အုပ်ချုပ်ရေးမှူးကို PDF က ပစ်ခတ် ရှင်းလင်း
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၂၅ ရက်။
ပဲခူးတိုင်းဒေသကြီး၊ အင်းတကော်မြို့နယ်တွင် အင်းတကော် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (IPDF) က ပျူစောထီး အဖွဲ့ဝင်၊ ရပ်ကျေးအုပ်ချုပ်ရေးမှူး တစ်ဦးကို ပစ်ခတ်ရှင်းလင်းခဲ့သည်ဟု ပြောသည်။
အင်းတကော် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (IPDF) က နန်းထိုက်အောင် စစ်ဆင်ရေးကို ဖော်ဆောင်ခဲ့ခြင်း ဖြစ် သည်ဟု ထုတ်ပြန်ထားသည်။
IPDF တပ်ဖွဲ့မှ ပြန်ကြားရေး တာဝန်ရှိသူ တစ်ဦးက “သူ့ကို ရှင်းလိုက်တာကတော့ နီခြင်း စိမ်းခြင်းနဲ့ ဘာမှမဆိုင် ပါဘူး။ စစ်ကောင်စီ ထောက်တိုင် ပျူစောထီးအဖွဲ့ဝင် ဖြစ်နေလို့ ရှင်းလိုက်တာပါ။ ကြိုက်တဲ့ဘက်က ရပ်တည် လို့ရပါတယ်။ ဒလန်လုပ်ရင်တော့ ရန်သူလို့ သတ်မှတ်ပြီး ရှင်းလင်းသွားမှာပါ” ဟု ပြောသည်။
အင်းတကော်မြို့နယ်၊ ထုံးကြီးကျေးရွာတွင် နေထိုင်သည့် မြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ၏ စည်းရုံးရေးမှူး၊ လက်ရှိ ပျူစောထီးအဖွဲ့ဝင်၊ ကျေးရွာအုပ်ချုပ်ရေးမှူးဖြစ်သူ အသက် ၅၂ နှစ်အရွယ် ကိုသက်မြင့်ဦး (ခေါ်) ကိုဖိုးသက် အား IPDF အဖွဲ့က နန်းထိုက်အောင် စစ်ဆင်ရေးအရ ပစ်ခတ်ရှင်းလင်းလိုက်သည်ဟု တာဝန်ရှိ သူများက ပြောသည်။
ကိုဖိုးသက်မှာ ထုံးကြီးကျေးရွာ စာသင်ကျောင်းအတွက် အာစရိယပူဇော်ပွဲ ပြုလုပ်ရန် ပြင်ဆင်နေစဉ် ပြီးခဲ့သည့် ဒီဇင်ဘာလ ၂၂ ရက်နေ့၊ နေ့လည် ၂ နာရီကျော် အချိန်၌ ထုံးကြီး မီးရထားလမ်းကူး အနီးတွင် ပစ္စတိုသေနတ်ဖြင့် ဆိုင်ကယ်ပေါ်မှ ၂ ချက် ပစ်ခတ်ခံလိုက်ရခြင်း ဖြစ်သည်ဟု ရွာခံပြည်သူများက ပြောသည်။
ထုံးကြီးမီးရထားလမ်းကူး အနီးတွင် နေထိုင်သူ အသက် ၃၂ နှစ်အရွယ် အမျိုးသားတစ်ဦးက “သူက တစ်ယောက် တည်း စီးလာတာ။ အာစရိယ ပူဇော်ပွဲအတွက် ဗွီနိုင်းတွေနဲ့ မနိုင်မနင်းနဲ့။ နောက်က ဆိုင်ကယ် တစ်စီးက အမြန် မောင်းလာပြီး ဘေးခြင်း ကပ်ပြီး ၂ ချက် ပစ်သွားတာ။ ဒိုင်းဆိုတာနဲ့ ကျနော်တို့လည်း ကြောက်လို့ ဝပ်နေရ တယ်။ သွားကြည့်တော့ သေပြီ။ ပစ်တဲ့လူ ၂ ယောက် Mask တွေနဲ့ဆိုတော့ ရုပ်တွေ သဲသဲကွဲကွဲ မမြင်ရဘူး” ဟု ပြော သည်။
ပျူစောထီးအဖွဲ့ဝင် ကိုဖိုးသက်မှာ ယခင်ကလည်း နိုင်ငံရေး တက်ကြွလှုပ်ရှားသူများနှင့် ပတ်သက်၍ စစ်ကောင်စီ ထံသို့ မကြာခဏ သတင်းပေးခြင်းများ ပြုလုပ်ခဲ့ပြီး ၎င်း၏ သတင်းပေးမှုကြောင့် CDM ဝန်ထမ်းများ၊ သပိတ် ခေါင်းဆောင်များ၊ UG ရဲဘော်များ အဖမ်းခံခဲ့ရဖူးသည်ဟု ရွာခံပြည်သူများက ဆိုသည်။
ထို့ပြင် ၎င်းမှာ စစ်ကောင်စီက ပြုလုပ်မည့် ရွေးကောက်ပွဲတွင် ရွာသားများအား မဲပေးကြရန် စည်းရုံး ဟောပြော ခဲ့ပြီးနောက် ထိုရွေးကောက်ပွဲတွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီလည်း ဝင်ရောက်ယှည်ပြိုင်မည် ဖြစ်ကြောင်းနှင့် ရွေးကောက်ပွဲ အချိန်နီးသည့်အခါ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကို လည်း လွှတ်ပေးမည်ဖြစ်သည်ဟု ပြောဆို ဟောပြောနေသည်ဟု ဆိုသည်။
အသက် ၄၀ အရွယ် ထုံးကြီးရွာခံ အမျိုးသားတစ်ဦးက “သူသေတာနဲ့ ရဲတွေ စစ်သားတွေ ရွာထဲရောက်လာ တယ်။ ပြီးတော့ ကျနော်တို့ကို ခေါ်စစ်တယ်။ သူ့ကို ပစ်တဲ့ လူ တွေကို သိလားပေါ့။ ကျနော်တို့လည်း မသိဘူး ဆိုတော့ သူတို့ အတိုးပြန်လာတောင်းမယ်။ ရွာထဲ လူစိမ်းဝင် ရင် သတင်းပို့ပါပေါ့။ သတင်းမပို့ရင် တစ်ရွာလုံး အကြောင်းသိစေရမယ်လို့ ကျိန်းမောင်းသွားတယ်” ဟု ပြောသည်။
ကိုဖိုးသက်အား ရှင်းလင်းသုတ်သင်ရခြင်းမှာ USDP ပါတီဝင်ဖြစ်ခြင်း၊ အုပ်ချုပ်ရေးမှူးဖြစ်ခြင်းတို့နှင့် မသက်ဆိုင် ဘဲ စစ်ကောင်စီကို သတင်းပေး ဒလန်ပြုလုပ်နေခြင်းနှင့် စစ်ကောင်စီထောက်တိုင် ပျူစောထီးအဖွဲ့ဝင် ဖြစ်နေ ခြင်း တို့ကြောင့် ဖြစ်သည်ဟု IPDF မှ ထုတ်ပြန်ထားသည်။
ထို့အပြင် ကျေးရွာအတွင်း စစ်ကောင်စီထံ မျက်နှာလိုရလုပ်၍ တော်လှန်ရေးတပ်ဖွဲ့များအား သတင်းပေးနေသော စစ်ကောင်စီခန့် ရာအိမ်မှူး၊ ဆယ်အိမ်မှူးများကိုလ ည်း အရေးယူဆောင်ရွက်သွားမည်ဟု IPDF ထပ်မံ သတိပေး ထားသည်။