တရုတ်နယ်စပ်ဂိတ် မဖွင့်နိုင်မည်ကို ဒေသခံနှင့် ကုန်သည်များ စိုးရိမ်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ ဇန္နဝါရီလ ၅ ရက်။

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့ရှိ တရုတ်-မြန်မာနယ်စပ်ရှိ ဂိတ် ၃ ဂိတ်ကို တရုတ်နိုင်ငံဘက်ခြမ်း က ပြန် လည်ဖွင့်လှစ်ရန် တရားဝင်ထုတ်ပြန်လိုက်သော်လည်း မြန်မာဘက်က တစ်စုံတစ်ရာ ထုတ်ပြန်ခြင်း မရှိသေးသဖြင့် အချိန်မီ ဂိတ်မဖွင့်နိုင်မည်ကို စိုးရိမ်နေသည်ဟု ဒေသခံများက ပြောသည်။

တရုတ်နိုင်ငံဘက်ခြမ်း ပြန်လည်ဖွင့်လှစ်သွားမည်ဟု ကြေညာထားသည့် နယ်စပ် ဂိတ် ၃ ဂိတ်မှာ မန့်ဝိန်းဂိတ်၊ နန်းတော်ဂိတ်နှင့် ဆင်ဖြူဂိတ်တို့ ဖြစ်သည်။

မူဆယ်မြို့ခံ အမျိုးသမီးတစ်ဦးက “ဂိတ်ဖွင့်မယ့်ကိစ္စက တရုတ်ဘက်ကပဲ ဖွင့်ဖို့လုပ်နေတယ်။ မြန်မာဘက်က ဖွင့်ဖို့ အဆင်သင့် မဖြစ်သေးဘူး။ ပြီးခဲ့တဲ့ သုံးရက်နေ့က လူကြီးတွေ လာညှိနှိုင်းကြတယ်။ တရုတ်ဘက်က နယ် စပ်ကုန်သွယ်ရေးမှာပဲ လာပြောတာ။ နယ်စပ်ကုန်သွယ်ရေးက ဆုံးဖြတ်ချက် ချလို့မရဘူးလေ။ နိုင်ငံတော်ကနေ သတ်မှတ်ထားတဲ့ နှစ်နိုင်ငံရဲ့ ဂိတ်ပေါက်တွေ ဖြစ်တဲ့အတွက် အထက်ပိုင်းတွေကို ပြန်လည် တင်ပြအုံးမယ်လို့ပဲ သိရတယ်” ဟု ပြောသည်။

ဂိတ် ၃ ခုကို ဖွင့်လှစ်ရသည့် ရည်ရွယ်ချက်မှာ နှစ်နိုင်ငံအတွက် ရွှေလီမြို့နှင့် မူဆယ်မြို့ရှိ နယ်စပ်ကုန်သွယ်ရေး ပိုမိုကောင်းမွန်စေရန် ဖွင့်လှစ်ခြင်းဖြစ်သည်ဟု ဇန္နဝါရီလ ၂ ရက်နေ့တွင် တရုတ်ဘက်က ထုတ်ပြန်လိုက်သည့် ကြေညာချက်ထဲတွင် ဖော်ပြထားသည်။

တရုတ် – မြန်မာနယ်စပ် ဂိတ် ၃ ဂိတ်ကို ပြန်လည် ဖွင့်လှစ်ပေးနိုင်ပါက မြန်မာနိုင်ငံ၏ အခြေခံ လူတန်းစားများ အတွက် အလုပ်အကိုင် အခွင့်အရေး ပြန်လည်ကောင်းမွန် လာနိုင်သည်ဟု မူဆယ်မြို့ခံတစ်ဦး က ပြောသည်။

မူဆယ်မြို့ခံ အမျိုးသားတစ်ဦးက “ဂိတ်ဖွင့်ရင်တော့ ကောင်းပါတယ်။ ဒါပေမယ့် တစ်ခု စိုးရိမ်မိတာက တရုတ် နိုင်ငံ ရွှေလီမှာ ကိုဗစ်ကူးစက်ထားသူတွေ များတယ်။ ဒီ ကိုဗစ်အရင် စဖြစ်ခဲ့တာလည်း တရုတ်နိုင်ငံကနေ စလာ တယ်ဆိုတော့ အဲဒါ တစ်ခု စိုးရိမ်ရတယ်။ ဒါပေမယ့် အခြေခံ လူတန်းစားတွေရော၊ စီပွားရေးလုပ်ငန်းရှင်တွေ အတွက်ရော လက်ရှိမှာ နယ်စပ်ကိုပဲ အခွင့်အလမ်းတွေ များနေတယ်” ဟု ပြောသည်။

ဂိတ် ၃ ဂိတ်ကို ပြန်လည်ဖွင့်နိုင်ခဲ့ပါကလည်း လက်ရှိအနေအထားများအရ ကုန်သွယ်ရေး ပစ္စည်းများ ပို့ဆောင်နိုင် ရေး အတွက်ကို အချိန်ယူရအုံးမည်ဟု မူဆယ်ဒေသခံများက ဆိုသည်။

အဆိုပါ ဂိတ် ၃ ဂိတ်ကို အချိန်အကန့်အသတ်နှင့် ဖွင့်ပေးမှာဖြစ်ပြီး နန်းတော်ဂိတ်နှင့် ဆင်ဖြူဂိတ်ကို နံနက် ၈ နာရီမှ ည ၉ နာရီခွဲအထိ၊ မန့်ဝိန်းဂိတ်ကိုမူ နံနက် ၈ နာရီမှ ည ၁၁ နာရီအချိန်ထိ ဖွင့်ပေးသွားမည်ဟု ကြေညာထား သည်။

ဂိတ် ၃ ဂိတ်ထဲ မန့်ဝိန်းဂိတ်သည် မြန်မာဘက်ရှိ လယ်ယာထွက်ကုန်ပစ္စည်းများ၊ စိုက်ပျိုးရေးထွက်ကုန်ပစ္စည်းများ နှင့် အခြားသော ကုန်ပစ္စည်းများကို အဓိက ပို့ဆောင်ကုန်သွယ်နေသည့် ဂိတ်ဖြစ်ပြီး နန်းတော်ဂိတ်နှင့် ဆင်ဖြူ ဂိတ်တို့မှာ အဓိက လူ အဝင်/အထွက် သွားလာကြသည့် ဂိတ်ဖြစ်သည်။

အဆိုပါ ဂိတ် ၃ ဂိတ်ကို ၂၀၂၀ ခုနှစ် ဧပြီလကစတင်ပြီး COVID-19 ကူးစက်မှုများကြောင့် ပိတ်ထားခဲ့ခြင်း ဖြစ် သည်။