NLD အမတ်နှင့် အဖမ်းဆီးခံရသူများ မိသားစုများ အဆက်အသွယ်မရ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ ဇန္နဝါရီလ ၁၂ ရက်။

စစ်ကောင်စီတပ်ဖွဲ့က လာရောက်ဖမ်းဆီးသွားသည့် ဧရာဝတီတိုင်း ကျောင်းကုန်းမြို့က NLD ပါတီ အမတ် တဦး နှင့် မြို့နယ်ဥက္ကဋ္ဌ တစ်ဦး အပါအဝင် အဖမ်းခံရသူ ၁၃ ဦးသည် ၄ ရက်ကြာပြီးဖြစ်သော်လည်း မိသားစုနှင့် ယနေ့ အချိန်ထိ အဆက်အသွယ် မရသေးဘူး ဟု နီးစပ်သူများက ပြောသည်။

NLD ပါတီ၏ ကျောင်းကုန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာလှဝင်း၊ NLD ပါတီ မြို့နယ်အ လုပ် အမှုဆောင်အဖွဲ့ ဥက္ကဋ္ဌ ဦးသိန်းဟန်၊ စည်းရုံးရေးနှင့် ၂၀၂၀ ခုနှစ် ရွေးကောက်ပွဲ မဲအောင်နိုင်ရေး အဖွဲ့ဝင်များ ဖြစ်သည့် ဦးရှမ်းကြီး၊ ကိုမျိုးသူတို့ အပါအဝင် ၁၃ ဦးကို ဇန္နဝါရီလ ၉ ရက်နေ့ညက ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

အဖမ်းခံသူများ၏ မိသားစုဝင်များ နှင့် နီးစပ်သူ တစ်ဦးက “ကျောင်းကုန်း ရဲစခန်းမှာလည်း မရှိဘူး။ ရဲကို မေး တော့ သူတို့ဖမ်းတာ မဟုတ်ဘူး မသိဘူး ပြောတယ်။ စစ်တပ်က ဖမ်းတာလို့ပြောတယ်။ မိသားစုတွေက အတော် စိုးရိမ်နေကြတယ်” ဟု ပြောသည်။

ထိုနေ့ညက ပုသိမ်မြို့ရှိ အနောက်တောင်တိုင်း စစ်ဌာနချုပ် (နတခ)မှ စစ်ကောင်စီ တပ်ဖွဲ့ ရောက်ရှိလာပြီး မြို့ခံ စစ်ကောင်စီ တပ်ဖွဲ့၊ ရဲတပ်ဖွဲ့ နှင့် ပျူစောထီးများကို ခေါ်ကာ ကျောင်းကုန်းမြို့ပေါ် တွင် နေထိုင်သည့် အဖမ်းခံ ရ သူများ၏ လမ်းနှင့် အိမ်ကို ပိတ်ဆို့ကာ ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်ဟု မြို့ခံများက ပြောသည်။

မျက်မြင်တွေ့ရှိသူ တစ်ဦးက “အင်အားက ၁၀၀ ကျော်လောက်ရှိမယ်။ သေနတ်တွေနဲ့ ချိန်ပြီး ခြံနဲ့အိမ်ကို ဝိုင်း ထားပြီး ဝင်ဖမ်းသွားကြတာ။ မျက်နှာတွေကို အဝတ်တွေနဲ့ ပိတ်ပြီးဖမ်းခေါ်သွားတာ” ဟု ပြောသည်။

ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာလှဝင်းသည် ၂၀၂၀ ခုနှစ် ရွေးကောက်ပွဲအပြင် ၁၉၉၀ ရွေးကောက် ပွဲတွင်ပါ အနိုင်ရခဲ့သည့် NLD ပါတီက ကိုယ်စားလှယ် တစ်ဦး ဖြစ်သည်။

အာဏာသိမ်းစစ်တပ်က ၂၀၂၀ ရွေးကောက်ပွဲ ရလဒ်ကို မျက်ကွယ်ပြုခဲ့သည့်အပြင် ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲ တုန်းကလည်း အနိုင်ရ လွှတ်တော် ကိုယ်စားလှယ်များကို အာဏာမလွဲခဲ့ပေ။

အာဏာသိမ်း စစ်တပ်က ၂၀၂၃ ခုနှစ်အတွင်း ရွေးကောက်ပွဲပြုလုပ်မည်ဟု ကြေညာထားပြီး မဲစာရင်းကောက်ယူ ခြင်း၊ မဲစာရင်း သင်တန်းပေးခြင်းများကို လုပ်ဆောင်နေပြီး ရပ်/ကျေး အုပ်ချုပ်ရေးမှူး နေရာများကိုလည်း စစ် တပ်ထွက်များ၊ USDP – ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင်များကို အစားထိုးခန့်နေကာ ရွေးကောက် ပွဲစည်းရုံးရေး ကာလ သတ်မှတ်ချက် မရှိသေးပါဘဲ USDP ပါတီနှင့် စစ်တပ်ကျောရိုးများ ပေါင်းကာ ဒီဇင်ဘာလ အတွင်းက စတင်၍ မဲဆွယ်နေကြသည်ဟု ဒေသခံ သတင်းအရင်းအမြစ်များက ပြောသည်။

ထိုကဲ့သို့ တစ်ဖက်သတ် အသာစီးယူပြီး ရွေးကောက်ပွဲ အနိုင်ရရှိရေးအတွက် လုပ်နေကြသလို USDP ပါတီ အတွက် အတိုက်အခံ အင်အားကြီးပါတီ ဖြစ်သည့် NLD ပါတီက လွှတ်တော် ကိုယ်စားလှယ်များ၊ စည်းရုံးရေးမှူး များ၊ တက်ကြွလှုပ်ရှား ဝန်းရံသူများကို စစ်ကောင်စီက ဖမ်းဆီးကာ နှစ်ရှည်ထောင်ချမှုများကို ဆက်တိုက်လုပ်နေ ကြသည်။