ဘုရားသုံးဆူ ရဲစခန်းကို ကရင် ပူးပေါင်းတပ်များ ဝင်တိုက်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ၂၇ ရက်။

ထိုင်း-မြန်မာနယ်စပ်၊ ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် ဘုရားသုံးဆူမြို့ရဲစခန်းကို ကရင်ပူးပေါင်းတပ်ဖွဲ့ များက ဝင်ရောက်တိုက်ခိုက်ခဲ့ပြီးနောက် နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ရာ အရပ်သားတစ်ဦး ဒဏ်ရာရခဲ့သည်ဟု မြို့ခံများက ပြောသည်။

အဆိုပါ တိုက်ပွဲအတွင်း ဒေသခံတစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည့်အပြင် နေအိမ်အချို့လည်း ထိခိုက်ပျက်စီး သွား ခဲ့သည်ဟု ဒေသခံများက ပြောသည်။

“စဖြစ်ကြတာတာ မနက် ၆ နာရီ ၁၀ မိနစ်လောက်မှာ ဖြစ်တာ၊ ၁ နာရီခွဲလောက် အပြန်အလှန် ပစ်ခတ်ကြ တယ်။ လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ရဲစခန်းကတော့ မီးလောင်သွားတယ်။ လက်ရှိ မြို့ပေါ်မှာတော့ လုံခြုံ ရေးချ ထားတာတွေ စစ်ဆေးတာတွေ ဘာမှမရှိဘူး” ဟု ဘုရားသုံးဆူမြို့ခံတစ်ဦးက ပြောသည်။

ဘုရားသုံးဆူတိုက်ပွဲဖြစ်စဉ်အတွင်း စစ်ကောင်စီတပ်ဘက်က လက်နက်ကြီးများနှင့် ရမ်းသမ်းပစ်ခတ်ခဲ့ရာ မြို့ပေါ် ရှိ နေအိမ်အချို့ ထိမှန်ပျက်စီးခဲ့ခြင်း ဖြစ်သည်ဟု မြို့ခံတစ်ဦးက ပြောသည်။

ဘုရားသုံးဆူမြို့ ရဲစခန်းကို ကရင်ပူးပေါင်းတပ်ဖွဲ့တို့က ဖေဖော်ဝါရီလ ၂၅ ရက်နေ့၊ နံနက် ၆ နာရီဝန်းကျင် အချိန် ခန့်က ဝင်ရောက်တိုက်ခိုက်ခဲ့ရာမှ နှစ်ဖက်တိုက်ပွဲ ၁ နာရီခွဲခန့်ဖြစ်ပွားခဲ့သည်ဟုလည်း မြို့ခံများက ပြော သည်။

ဘုရားသုံးဆူမြို့ ရဲစခန်း တိုက်ခိုက်ခံရပြီး မီးလောင်သွားခဲ့သည်ဟု မြို့ခံများက ပြောသည်။

နှစ်ဖက်ပစ်ခတ်မှု ဖြစ်ပြီးနောက် ထိုနေ့ နေ့လည်အချိန်ခန့်မှာတော့ ဘုရားသုံးဆူမြို့ပေါ်က စျေးများ ပုံမှန်ပြန်ဖွင့် နေသည့်အပြင် မြို့ပေါ်တွင်လည်း ပုံမှန်သွားလာနေကြပြီဟုလည်း မြို့ခံများက ပြောသည်။

ထိုနေ့နံနက်တိုက်ပွဲအတွင်း စစ်ကောင်စီလက်အောက်ခံ ရဲနှင့် နယ်ခြားစောင့်တပ်ဖွဲ့ (BGF) ဘက်က ထိခိုက် သေ ဆုံးမှုများ ရှိခဲ့သည့်အပြင် ကရင်လက်နက်ကိုင် ပူးပေါင်းတပ်ဖွဲ့ဘက်ကလည်း ၃ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရ ရှိသည်ဟု မြို့ခံများက ပြောဆိုသည်။

ဇန္နဝါရီလ ၂၃ ရက်နေ့ကလည်း ဘုရားသုံးဆူမြို့ပေါ်ရှိ စစ်ကောင်စီ ဌာနဆိုင်ရာရုံးများဖြစ်သည့် လဝကရုံး၊ ထွေ/အုပ်ရုံးတို့ကို ကရင်လက်နက်ကိုင်ပူးပေါင်းတပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက် မီးရှို့ခဲ့ရာမှ နှစ်ဖက် တိုက်ပွဲ ဖြစ်ပွားခဲ့သေးသည်။

အဆိုပါ တိုက်ပွဲကြောင့် ရာနှင့်ချီသည့် ဘုရားသုံးဆူမြို့ခံများ ဘေးလွတ်ရာ ထိုင်းဘက်ကမ်းသို့ ထွက်ပြေး တိမ်း ရှောင်ခဲ့ကြရသည်။

ယခုတိုက်ပွဲဖြစ်ပွားခဲ့သည့် ကြာအင်းဆိပ်ကြီးမြို့နယ်သည် စစ်အုပ်ချုပ်ကြေညာထားသည့် မြို့နယ်ဖြစ်သည်။