ပုသိမ်ထောင်အတွင်း ညစဉ် နှိပ်စက်မှုများ ရှိနေ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ မတ်လ ၄ ရက်။
ပုသိမ်အကျဉ်းထောင် အတွင်းက ဆန္ဒပြ အကျဉ်းသားများ ညတိုင်း နှိပ်စက်ခံနေရသည်ဟု အကျဉ်းသားဟောင်း အချို့က ပြောသည်။
ထောင်တွင်း၌ အကြမ်းဖက် ဖြိုခွင်းခံခဲ့ရသည့် ဆန္ဒပြ နိုင်ငံရေး အကျဉ်းသားများနှင့် အခြား အပြစ်ဒဏ်ကျ အကျဉ်းသားများကို ထောင်အာဏာပိုင်များက နေ့တိုင်းညစဉ် ခေါ်ထုတ်ပြီး နှိပ်စက် အနိုင်ကျင့်နေခြင်း ဖြစ်သည် ဟု ပြောသည်။
ပုသိမ်ထောင်မှ ပြန်လွတ်လာသည့် အကျဉ်းသားဟောင်း တစ်ဦး က “အခုဆို ၂ လကျော်တော့မယ် ညတိုင်းပဲ အနည်းဆုံး ၃ ယောက်လောက် ခေါ်ထုတ်သွားပြီး နှိပ်စက်အနိုင်ကျင့်နေတာ။ ထောင်စည်းကမ်းအရ အရေးယူ ပြီး နေပြီလေ။ နောက်ထပ် ချိုးဖေါက်တာ မရှိပါဘဲ သက်သက်မဲ့ နှိပ်စက်နေတာ” ဟု ပြောသည်။
ထောင်အတွင်း၌ ညဖက် သောက်စား မူးယစ်နေသည့် ထောင်မှူးနှင့် ထောင်ဝန်ထမ်းများက ဆန္ဒပြ အကျဉ်းသား များကို အိပ်ဆောင်မှ ခေါ်ထုတ်ကာ အခိုင်းအစေသဖွယ် ခိုင်းစေပြီးနောက် စိတ်မထင်လျှင် မထင်သလို ကန် ကျောက် ရိုက်နှက်နေကြခြင်း ဖြစ်သည်ဟု နီးစပ်သူများ က ပြောသည်။
လူ့ဂုဏ်သိက္ခာ ထိခိုက်စေသည့် အပြုအမူများနှင့် မဖွယ်မရာ ကိစ္စများကို လုပ်ခိုင်းကြသည်များလည်း ရှိသည်ဟု ပုသိမ်အကျဉ်းထောင်မှ ပြန်လွတ်လာသည့် အကျဉ်းသားဟောင်း အချို့က ဆိုသည်။
ထောင်မှူးနှင့် ထောင်ဝန်ထမ်းများ၏ နှိပ်စက်ခံရမှုကြောင့် ကိုမဲကြီး၊ ကိုဖိုးလပြည့်၊ ကိုစည်သူအောင်၊ ကိုညီထွန်း တို့ အပါအဝင် နိုင်ကျဉ်းအားလုံး ဒဏ်ရာကိုယ်စီ ရရှိထားကာ ကိုဝင်းထွန်းနိုင်မှာ သွားများကျိုး၍ နားလည်းလေး သွားပြီးဖြစ်ပြီ ဖြစ်ပြီး ဦးဇော်ထိုက် ဆိုသူမှာ နားလုံးဝ မကြားရတော့ဘူးဟု ပြောသည်။
ဆန္ဒပြ အကျဉ်းသား ၇၀ ဝန်းကျင်ခန့်ကို ပေ ၄၀ ပတ်လည်ရှိ အခန်းတစ်ခန်းအတွင် စုပြုံသိပ်ထည့်ထားပြီး ခြေ ကျင်း ခြေထိပ် ဒေါက်များနှင့် ချုပ်နှောင်ထားရှိကာ တစ်နေ့ကို ရေချိုးချိန် နာရီဝက်သာ အခန်းအပြင်ထွက် ရေ ချိုးခွင့်ပြုသည်ဟု အကျဉ်းဦးစီးဌာနနှင့် နီးစပ်သူ အချို့၏ ပြောပြချက်များအရ သိရသည်။
နိုင်ကျဉ်း တစ်ဦးရဲ့ မိခင်ဖြစ်သူက “ထောင်ဝင်စာ ပို့ခွင့်မရတာ ၂ လပြည့်တော့မယ်။ တိုက်ပိတ်မခံရအောင် အ ရိုက် မခံရအောင် ထောင်မပြောင်းရအောင် လုပ်ပေးမယ် ဆိုပြီး ထောင်မှူးနဲ့ ထောင်ဝန်ထမ်းတွေက အိမ်ကို ဖုန်း နဲ့ တစ်မျိုး လူကိုယ်တိုင်တစ်မျိုး ငွေလာညှစ်တယ်” ဟု ပြောသည်။
ထောင်ဝင်စာ ပို့ခွင့်မရသော်လည်း ထောင်ပိုင်ကြီးက ရောင်းချသည့် ကွမ်းယာ၊ ဆေးလိပ်၊ မုန့်ဟင်းခါး၊ ခေါက်ဆွဲ၊ သရေစာ အမျိုးမျိုး၊ ရေသန့်၊ ဟင်းမျိုးစုံနှင့် သွားတိုက်ဆေး အပါအဝင် အသုံးအဆောင် ပစ္စည်းတို့ကို ပြင်ပရှိ မိသားစုများက ထောင်ပိုင်ကြီးထံ ငွေကြိုသွင်းကာ အကျဉ်းသားများအား ဝယ်ကျွေးနိုင်သည်ဟု ထောင်ဝင်စာ ပို့ခွင့်မရသည့် မိသားစုဝင်များက ဆိုသည်။
ပုသိမ်ထောင်မှာ ဇန္နဝါရီလ ၅ ရက်နေ့၊ ညက နိုင်ကျဉ်း ကိုဝင်းထွန်းနိုင် အပါအဝင် ၈ ဦးကို ခေါ် ထုတ်ကာ နှိပ်စက် ညှင်းပန်းခဲ့သည့် အတွက် ဇန္နဝါရီလ ၆ ရက်နေ့က အကျဉ်းသား အခွင့်အရေးနှင့် ပတ်သက်ပြီး ဆန္ဒပြမှု ဖြစ်ပွားခဲ့ ခြင်းကို စစ်ကောင်စီနှင့် ထောင်အာဏာပိုင်အဖွဲ့က ထောင်တွင်း အကြမ်းဖက် ဖြိုခွင်းပြီးနောက် ထောင်ဝင်စာ ပို့ ခွင့်ကို ရက်အကန်အသတ် မရှိ ပိတ်ပင်ခဲ့ခြင်း ဖြစ်သည်။
ပုသိမ်ထောင်တွင်း အကြမ်းဖက် ဖြိုခွင်းမှုမှာ ဆန္ဒပြ အကျဉ်းသား ၇၂ ဦးကို ဖမ်းဆီးချုပ်နှောင် နေလှန်း ရိုက်နှက် ခဲ့ခြင်းကြောင့် နိုင်ကျဉ်း ကိုဝေယံဖြိုး ဆိုသူ ရိုက်နှက်ခံရသည့် နေရာမှာပင် သေဆုံးခဲ့ရပြီး ကျန်သူများမှာ ဒဏ်ရာ အပြင်းအထန် ရရှိကာ အကျဉ်းထောင် စည်းကမ်း ဥပဒေပုဒ်မ ၄၂ ဖြင့်လည်း အရေးယူခံကြရသည်။