စစ်ရှောင်စခန်းမှ စစ်ရှောင်များအား စစ်မှုထမ်းရန် ခေါ်ဆောင်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ ဧပြီလ ၉ ရက်။

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်ရှိ နေဝန်းနီစစ်ရှောင်စခန်းမှ စစ်ရှောင်အချို့ကို တအာင်းတပ် PSLF/TNLA က စစ်မှုထမ်းရန် ဖမ်းဆီးခေါ်ဆောင်သွားသည့်အတွက် စစ်ရှောင်များက စိုးရိမ်ကာ စစ်ရှောင်စခန်း ပြင်ပတွင် သွားရောက်နေထိုင် နေကြသည်။

စစ်ရှောင်စခန်းထဲမှ အသက်ကြီးအမျိုးသား အပါအဝင် အမျိုးသမီး၊ အမျိုးသား စုစုပေါင်း (၁၃) ဦးကို တအာင်း တပ် (PSLF/ TNLA) က လာရောက် ဖမ်းဆီးသွားခြင်း ဖြစ်သည်။

နေဝန်းနီစစ်ရှောင်စခန်းမှ တာဝန်ရှိသူတစ်ဦးက “ကျနော်တို့ ထည့်ပေးတာမဟုတ်ပါဘူး။ သူတို့က လာခေါ်သွား တာ။ အရင်တစ်ခေါက်နှစ်ခေါက်က ကျနော်တို့ တောင်းပန်ထားတယ်။ အခုက မရတော့ဘူး။ အားလုံး ၁၃ ယောက်ခေါ်တယ်။ လေးယောက် ပြန်လွှတ်လာပေးတယ်” ဟု ပြောသည်။

စစ်ရှောင်စခန်းအထိ ထိုကဲ့သို့ ဝင်ရောက်ဖမ်းဆီးခေါ်ဆောင်မှုများရှိနေသောကြောင့် အများစုမှာ စိုးရိမ်နေကြ သည်။

နေဝန်းနီစစ်ရှောင်စခန်းမှ စစ်ရှောင်များအား မတ်လ ၂၀ ရက်နေ့ ည ၈ နာရီအချိန်ခန့်တွင် TNLA တပ်ဖွဲ့ဝင်များက လာရောက်ဖမ်းဆီးသွားခြင်း ဖြစ်သည်။

ထိုသို့ ဖမ်းဆီးသွားပြီးနောက် စစ်ရှောင်အများစုသည် စခန်းပြင်ပနေရာများတွင် ရှောင်နေကြသည်မှာ ယခု ဧပြီ လ ပထမပတ်အထိဖြစ်သည်ဟု စစ်ရှောင်များက ပြောသည်။

နေဝန်းနီ စစ်ရှောင်စခန်းမှ အမျိုးသားတစ်ဦးက “အခုလက်ရှိက ကမ်းထဲမှာ အခြားနေရာဘက်ပြန်ရှောင်တာ ရှိ တယ်။ ပြောမယ်ဆိုရင်တော့ အဲ့ညက စစ်သားလာကောက်တော့ အကုန်လန့်သွားကြပြီး ထွက်ပြေးကြတယ်။ ကျန်တဲ့သူတွေကလည်း တောင်ယာလုပ်၊ မီးသွေးဖုတ် အဲ့ဒါတွေ လုပ်ကိုင်စားသောက်နေတယ်” ဟု ပြောသည်။

နမ့်ခမ်းမြို့ရှိ နေဝန်းနီစစ်ဘေးရှောင်စခန်းသည် ၂၀၂၁ ခုနှစ်နောက်ပိုင်း ထောက်ပံ့ကူညီမှုများ လျော့နည်းသွား သည့်အတွက် စားဝတ်နေရေးပိုင်း အခက်အခဲများရှိနေကြပြီး နေရပ်ပြန်ရန်အတွက်လည်း စစ်ကောင်စီ၏ ဖိအား ပေးခြင်း ခံထားရသည့် စစ်ရှောင်စခန်းတစ်ခုလည်း ဖြစ်သည်။

နေဝန်းနီ စစ်ရှောင်စခန်းတွင်းမှ စစ်ရှောင်များ ဖမ်းဆီးခံရခြင်း နှင့်ပတ်သက် PSLF/TNLA မှ တာဝန်ရှိသူများကို သတင်းနှင့်မီဒီယာကွန်ရက် သတင်းဌာနအနေဖြင့် ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍ မရခဲ့ပေ။

သို့သော် TNLA ပြောရေးဆိုခွင့်ရှိသူ ဒုတိယဗိုလ်မှူးကြီး တားပန်လက “တအာင်းဒေသမှာနေပြီး သွားသင့်တဲ့ တအာင်းလူမျိုး အကုန်လုံးကို ကျနော်တို့ စစ်ကောက်တယ်။ ဒုက္ခသည်တွေရဲ့ အခက်အခဲကိုတော့ နားလည် ပေမယ့် မြန်မာနိုင်ငံမှာ နေထိုင်တဲ့လူ ကိုယ်ရောသူပါ အကုန်လုံးက ဒုက္ခသည်တွေပဲ” ဟု ရွှေဖီမြေသတင်းဌာန တွင် ပြောဆိုထားသည်။

နေဝန်းနီ စစ်ရှောင်စခန်းသည် ကချင်လွတ်လပ်ရေးတပ်မတော် KIA နှင့် စစ်ကောင်စီတပ်တို့အကြား ကချင်ပြည် နယ်အတွင်းဖြစ်ပွားခဲ့သည့် တကျော့ပြန်တိုက်ပွဲများကြောင့် ဗန်းမော်မြို့နယ်၊ မံစီကျေးရွာမှ ထွက်ပြေးတိမ်းရှောင် လာကြသူမှာ နေထိုင်ကြသည့် စခန်းဖြစ်သည်။

၎င်းတို့၏ နေရပ်မူရင်း ကျေးရွာမှ ၂၀၁၁ ခုနှစ်ကတည်းက ယခုအချိန်ထိ ဆယ်စုနှစ်တစ်ခုကျော်အကြာ အဆိုပါ စစ်ရှောင်စခန်းတွင် စစ်ရှောင်နေကြရသူများဖြစ်သည်။