တနင်္သာရီတွင် နယ်မြေရှင်းလင်းရေး စစ်ကြောင်းနှင့် PDF ပူးပေါင်းတပ်တို့ တိုက်ပွဲဖြစ်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ ဧပြီလ ၁၁ ရက်။

နယ်မြေရှင်းလင်းရန်ဟုဆိုကာ ရောက်ရှိလာသည့် စစ်ကောင်စီတပ်နှင့် PDFပူးပေါင်းတပ်ဖွဲ့တို့ တစ်ရက်တည်း တိုက်ပွဲနှစ်ကြိမ် ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုများရှိသည်ဟု ပြည်သူ့ကာကွယ်ရေး တပ်မ တော် မြိတ်ခရိုင်တပ်ရင်း-၂ က သတင်းထုတ်ပြန်ထားသည်။

တနင်္သာရီမြို့နယ် အတွင်းရှိ ဘန်းလမွတ်ကျေးရွာအုပ်စု၊ ကမ်းတိုကျေးရွာအနီး ဧပြီလ ၉ ရက်နေ့၊ နံနက် ၁၁ နာရီခွဲ အချိန်ခန့်က အင်အား ၂၀ ခန့်ပါ စစ်ကောင်စီတပ်နှင့် PDF ပူးပေါင်းတပ်ဖွဲ့များအကြား ပထမအကြိမ် တိုက်ပွဲဖြစ်ပွားခဲ့သည်။

ထို့နောက် ဒုတိယအကြိမ် တိုက်ပွဲကို တနင်္သာရီ – မောတောင် နယ်စပ်သွားလမ်းပိုင်း ဖြစ်သည့် သိန်ခွန်းကျေးရွာ အလွန်တွင် မွန်းလွဲ ၁၂ နာရီ၊ မိနစ် ၄၀ အချိန်ခန့်က စစ်ကောင်စီတပ်နှင့် PDFပူးပေါင်းတပ်ဖွဲ့တို့အကြား ၁ နာရီခန့် အကြာ ထပ်မံ ဖြစ်ပွားခဲ့သည်ဟု ထုတ်ပြန်ချက်အတွင်း ရေးသားထားသည်။

“သူတို့စစ်ကြောင်း ပုံစံမျိုးထိုးတာမျိုးတော့ မဟုတ်ပါဘူး။ ပြည်ထောင်စု လမ်းမကြီးတလျှောက် ကင်းလှည့် ရှင်းလင်းရေး လာလုပ်တဲ့ပုံစံပါပဲ” ဟု မြိတ်ခရိုင်တပ်ရင်း ၂ တာဝန်ရှိသူ က ပြောသည်။

ဧပြီလ ၉ ရက်နေ့ တိုက်ပွဲကို မြိတ်ခရိုင်တပ်ရင်း ၂၊ တနင်္သာရီရိုးမ၊ မြိတ် -ပကဖ၊ တောပုန်းကြီးအဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်သား ၈ဦးသေဆုံးခဲ့ကာ ဒဏ်ရာရသွားသူများလည်း ရှိသည်ဟု ၎င်းတို့၏ ထုတ်ပြန်ချက်ထဲတွင် ဖေါ်ပြထားသည်။

တိုက်ခိုက်မှုကို မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း၂၊ မြိတ်မြို့နယ် – ပကဖ၊ KTLA နှင့် တနင်္သာ ရီ – ပကဖ တို့က ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ ၁၀ ဦးနှင့် အထက်သေဆုံးပြီး ထိခိုက်ဒဏ်ရသူများရှိသည်ဟု ဆိုသည်။

ထို့အပြင် စစ်ကောင်စီတပ်ဘက်မှ စကားပြောစက်တစ်လုံးကိုလည်း သိမ်းဆည်းရမိခဲ့ကြောင်း ဖော်ပြထားသည်။

ယခုဖြစ်ပွားခဲ့သည့် တိုက်ပွဲ နှစ်ကြိမ်စလုံးတွင် စစ်ကောင်စီတပ်များအား ပြောက်ကျားစနစ်ဖြင့် ခြုံခို တိုက်ခိုက်ခဲ့ ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့များဘက်မှ ထိခိုက်ကျဆုံးမှု မရှိခဲ့ဘူးဟု ရေးသားထားသည်။

တနင်္သာရီမြို့နယ်အတွင်း နှစ်ဘက် စစ်ရေးတင်းမာနေသည့် အခြေအနေများကြောင့် ဒေသခံပြည်သူများနှင့် ခရီး သွားပြည်သူများ သတိကြီးစွာ သွားလာနေထိုင်ကြရန် မြိတ်ခရိုင် တပ်ရင်း – ၂ က မေတ္တာရပ်ခံထားသည်။