မြစ်ကြီးနား-ဗန်းမော်လမ်းရှိ ဗျူဟာမြောက်တောင်ကုန်းကို KIA သိမ်းပိုက်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၃၁ ရက်။
ကချင်ပြည်နယ်၊ မြစ်ကြီးနား-ဗန်းမော် လမ်းမပေါ်တွင် ရှိပြီး စစ်ရေးအရ အရေးပါသည့် စစ်ကောင်စီ၏ ဂန်ဒေါင် ယန် တပ်စခန်းကို ကချင်လွတ်လပ်ရေးတပ်မတော် KIA နှင့် မဟာမိတ် ပူးပေါင်းတပ်တို့က တက်ရောက် တိုက် ခိုက် သိမ်းပိုက်နိုင်ခဲ့သည်ဟု KIO/KIA က ပြောသည်။
မြစ်ကြီးနား – နမ်ဆန်ယန် လမ်းပေါ်ရှိ ဂန်ဒေါင်ယန် စခန်းကုန်းကို ကချင်လွတ်လပ်ရေးတပ်မတော် KIA နှင့် မဟာမိတ် ပူးပေါင်းတပ်တို့က အောက်တိုဘာလ ၃၁ ရက်နေ့၊ နံနက်ပိုင်းက တိုက်ခိုက်သိမ်းယူနိုင်ခဲ့ခြင်း ဖြစ် သည်ဟု ကချင် လွတ်လပ်ရေးအဖွဲ့ KIO သတင်းနဲ့ ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။
ဗိုလ်မှူးကြီးနော်ဘူက “မြစ်ကြီးနားနဲ့ နမ်ဆန်ယန် ကားလမ်းပေါ်က ဂန်ဒေါင်ယန်တပ်စခန်း ဖြစ်ပါတယ် ခင်ဗျာ။ မနက် ၆ နာရီကနေ စပြီးမှ ဝင်တိုက်တာ ၈ နာရီ နည်းနည်းကျော်ချိန်မှာ အားလုံးအပြီးအစီး သိမ်းလို့ရတာဖြစ် ပါတယ်။ မြစ်ကြီးနား -ဗန်မော် ကားလမ်းကို ထိန်းတဲ့ စခန်းလည်းဖြစ်ပါတယ်။ သူတို့လည်း တော်တော်လေး ဗျူဟာ ကျတဲ့စခန်းလို့ ပြောလို့ရပါတယ်။ ဟိုနာဖော့တို့ ပါဂျောင်ဖက်တို့ကို တက်သွားတဲ့ လမ်းခွဲလည်းဖြစ်ပါ တယ်။ ဆိုတော့ သူတို့အတွက်လည်း အင်မတန်အရေးကြီးတဲ့ နေရာဖြစ်ပါတယ်” ဟု ပြောသည်။
စခန်းသိမ်း တိုက်ပွဲ ဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်က ဂန်ဒေါင်ယန် စခန်းကုန်းအပါအဝင် အနီးအနားတွင် ရှိသော ကျေးရွာများထဲကို လက်နက်ကြီးအပြင် လေကြောင်းမှပါ ပစ်ခတ်တိုက်နေသည်ဟု ဗိုလ်မှူးကြီးနော်ဘူ က ပြောသည်။
“နောက်လေကြောင်းနဲ့ ဗုံးတွေကြဲပြီးမှ ပစ်ကူတာတွေရှိပါတယ်။ တိုက်ပွဲဖြစ်တဲ့နေရာ ဂန်ဒေါင်ယန်မှာလည်း ပစ်ပါတယ်။ နောက် ပြည်သူလူထုရှိတဲ့ ဂျာထရွာမှာလည်း လက်နက်ကြီးနဲ့ပစ်ပြီးမှ ပြည်သူလူထုရဲ့ အိမ် ၆ လုံး လည်း မီးလောင်ပြာကျသွားတာ ရှိပါတယ်။ ပြည်သူလူထု ထိခိုက်တာကတော့ အခုထက်ထိကတော့ မကြားရပါ ဘူး။”
ဂန်ဒေါင်ယန် စခန်းသိမ်းတိုက်ပွဲတွင် KIA နှင့်အတူ မဟာမိတ်တပ်ဖြစ်သော ရက္ခိုင့်တပ်တော် AA က ပါဝင်တိုက် ခိုက်ခဲ့သည်ဟု ဗိုလ်မှူးကြီးနော်ဘူ က ဆက်ပြောသည်။
မြစ်ကြီးနား – နမ်ဆန်ယန်လမ်းပေါ်တွင်ရှိသည့် စစ်ကောင်စီတပ်၏ ဂန်ဒေါင်ယန် တပ်စခန်းကို KIA က အောက် တိုဘာလ ၃၁ ရက်နေ့တွင် တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ပြီး အောက်တိုဘာလ ၃၀ ရက်နေ့ (ယမန်နေ့)ကလည်း ရှမ်း ပြည်နယ် မြောက်ပိုင်း မန်တုံမြို့နယ်ရှိ စစ်ကောင်စီတပ်၏ အရေးပါသော တပ်စခန်းတစ်ခုကို သိမ်းပိုက်နိုင်ခဲ့ သည်ဟု KIO/KIA က ပြောသည်။
“အဲ့ဒါကတော့ မနေ့ကဖြစ်ပါတယ်။ ဟို ကျနော်တို့ တပ်မဟာ ၄ လက်အောက်ခံ တပ်ရင်း ၈ နယ်မြေ ဖြစ်ပါ တယ်။ မနေ့က ညနေပိုင်းမှာ အပြီးသိမ်းတာဖြစ်ပါတယ်။ ကျနော်တို့ကတော့ မုန်းမော်လို့ပဲသိတာ ကျနော်တို့ အခေါ်ပေါ့နော် ဒေသအခေါ်ဖြစ်ပါတယ်။ မုန်းမော်စခန်းလို့ပဲ ခေါ်တယ်။ တခြားအခေါ်ရှိမှာပါ။ ကျနော်တို့က တော့ အဲ့ဒါမရဘူး။ ၂၉ ရက်နေ့ကနေ စပစ်တာဖြစ်ပါတယ်။ မနေ့က ၃၀ ရက်နေ့မှာ သိမ်းတာဖြစ်ပါတယ်” ဟု ဗိုလ်မှူးကြီးနော်ဘူ က ပြောသည်။
စခန်းသိမ်းတိုက်ပွဲများ အတွင်း နှစ်ဖက် ထိခိုက်သေဆုံးမှု အခြေအနေများနှင့် ပတ်သက်၍ အတိအကျ မသိရ သေးဘူးဟု KIO/KIA က ပြောသည်။
အောက်တိုဘာလ ၂၇ ရက်နေ့က ၁၀၂၇ စစ်ဆင်ရေး စတင်လိုက်ကြောင်း ညီနောင် မဟာမိတ် ၃ ဖွဲ့က ကြေညာ လိုက်သည်နှင့် တစ်ပြိုက်နက် ရှမ်းပြည်နယ် မြောက်ပိုင်းနှင့် ကချင်ပြည်နယ်တို့တွင် တိုက်ပွဲများ ပြင်းပြင်း ထန် ထန် ဖြစ်ပွားလာခဲ့သည်။
ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ညီနောင်မဟာမိတ် အဖွဲ့များဖြစ်သော ကိုးကန့်တပ်မတော် MNDAA၊ တအာင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော် TNLA နှင့် ရက္ခိုင့်တပ်တော် AA တို့က စစ်ကောင်စီ၏ တပ်စခန်း ၇၀ ကျော်ကို တိုက်ခိုက် သိမ်းပိုက်ထားနိုင်သလို ကချင်ပြည်နယ်မှာလည်း KIA နှင့်အတူ ညီနောင်မဟာမိတ် အဖွဲ့ဝင် ဖြစ်သော ရက္ခိုင့်တပ်တော် AA က စစ်ကောင်စီ၏ တပ်စခန်းကို ယနေ့နံနက်ပိုင်းတွင် တိုက်ခိုက်သိမ်းပိုက်နိုင်ခြင်း ဖြစ်သည်။