မြိတ်-ရန်ကုန် ရှပ်ပြေးရေယာဉ် ပြန်လည်ပြေးစွဲရန် စီစဉ်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၂ ရက်။

ဆယ်နှစ်နီးပါးကြာ ရပ်နားထားသည့် မြိတ်-ရန်ကုန် ရှပ်ပြေး အမြန်ရေယာဥ် ပြန်လည်ပြေးဆွဲပေးနိုင်ရန် စီစဥ် ဆောင်ရွက်နေသည်ဟု တနင်္သာရီတိုင်း ပုဂ္ဂလိက သင်္ဘောလုပ်ငန်းရှင်များအသင်း တာဝန်ရှိသူများက ပြောသည်။

တနင်္သာရီတိုင်းဒေသကြီး ပုဂ္ဂလိက သင်္ဘောလုပ်ငန်းရှင်များ အသင်း အတွင်းရေးမှူး ဦးဇော်ထွန်းက “အသင်း ဥက္ကဋ္ဌ နဲ့ မြိတ်ဒေသခံ စီးပွားရေးလုပ်ငန်းရှင်တွေ တွေ့ဆုံပြီး လက်ရှိ လောင်စာဆီစျေးနှုန်း၊ ခရီးသည် ဦးရေ ရရှိ နိုင်မယ့် အတိုင်းအတာ၊ ခရီးသွားတွေအတွက် လုံခြုံမှုအပိုင်းတွေ စတဲ့အချက်အလက်တွေကို ထည့်သွင်း စဉ်း စားပြီး၊ အကျိုးအမြတ်ရဖို့ထက် ခရီးသွားတွေ အဆင်ပြေစေဖို့ အဓိကရည်ရွယ်ပြီး ဆွေးနွေး ညှိနှိုင်းမှုတွေ လုပ် နေပါတယ်” ဟု ပြောသည်။

အမြန်ရေယာဥ် ပြေးဆွဲနိုင်ရန် စီစဥ်ရခြင်းမှာ ကျန်းမာရေးအရ ရန်ကုန်သို့ ဆေးချိန်းသွားနေရသူများ၊ သင်တန်း၊ အလုပ်ကိစ္စတို့ဖြင့် သွားလာကြသူများ၊ စီးပွားရေးလုပ်ငန်း လုပ်ကိုင်သူများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ကျောင်း သား ကျောင်းသူများ သွားလာရေး ခက်ခဲပင်ပမ်းမှု မရှိစေရန်ဖြစ်ကြောင်း တာဝန်ရှိသူတစ်ဦးက ပြောသည်။

ထို့အပြင် ကုန်းလမ်းခရီးတွင် တိုက်ပွဲများကြောင့် အသက်ဘေးအန္တရာယ် လုံခြုံမှု နည်းပါးနေခြင်းနှင့် လမ်းတစ်
လျှောက် စစ်ဆေးရေးဂိတ်အများအပြားကို ဖြတ်သန်းနေရသဖြင့် နှောင့်နှေးကြန့်ကြာမှုများ ရှိနေခြင်း၊ အလားတူ လေကြောင်းခရီးစဥ် လက်မှတ်ဈေးများ မြင့်တက်လာခြင်း စသည့် အချက်များ ယခုကဲ့သို့ အမြန်ရေယာဉ် ပြန် လည်ပြေးဆွဲရန် စီစဉ်နေရခြင်း ဖြစ်သည်ဟု ဆိုသည်။

ယခင်က ရန်ကုန်-မြိတ် ရှပ်ပြေး အမြန်ရေယာဥ် ခရီးစဥ်အပြင် ကမ်းရိုးတန်း အမြန်ရေယာဥ်များအဖြစ် ထားဝယ် – မြိတ် – ကော့သောင်း မြို့များသို့ အသွားအပြန် ခရီးစဥ်များကိုလည်း ၂၀၁၃ ခုနှစ်က ပြေးဆွဲခဲ့ဖူးပြီး နောက်ပိုင်း တွင်ရပ်နားခဲ့ကြသည်။

မြိတ် – ရန်ကုန် ရှပ်ပြေး အမြန်ရေယာဥ် ပြေးဆွဲနိုင်ရန် အတွက် ယခင်က ပြေးဆွဲခဲ့ဖူးသည့် 727ရေယာဥ်ပိုင်ရှင် ဒေသခံ စီးပွားရေးလုပ်ငန်းရှင် ဦးကျောက်စိမ်းနှင့် ညှိနှိုင်းနေဆဲ ဖြစ်ပြီး စတင်ပြေးဆွဲနိုင်မည့် နေ့ရက် အချိန်ကိုမူ သတ်မှတ်နိုင်ခြင်း မရှိသေးကြောင်း ဦးဇော်ထွန်းက ဆိုသည်။

အမြန်ရေယာဥ် တစ်စီးတွင် ခရီးသည် ၃၀၀ မှ ၃၅၀ ဦး အထိသာ တင်ဆောင်မည်ဆိုပါက အန္တရာယ် အကင်းဆုံး ဖြစ်ပြီး လက်ရှိလောင်စာဆီ စျေးနှုန်းအရ မြိတ်မြို့မှ ရန်ကုန်မြို့သို့ ခရီးသည်တစ်ဦးလျှင် ကျပ်နှစ်သိန်းဝန်းကျင် ခန့် ကျသင့်နိုင်ကာ ခရီးခန့်မှန်းကြာမြင့်ချိန် ၁၁ နာရီခန့်ရှိနိုင် သဖြင့် နေ့ချင်းရောက် ခရီးစဉ်တစ်ခု ဖြစ်ကြောင်း မြိတ်အမြန်ယာဥ် လုပ်ငန်း လုပ်ကိုင်နေသူများက ပြောသည်။

မြိတ် – ရန်ကုန် ခရီးသည်တင် မှန်လုံကားခမှာ လူတစ်ဦးကို ၄၅၀၀၀ ကျပ်သာပေးရပြီး အန္တရာယ်များပြားပြီး
လုံခြုံမှုမရှိမှန်း သိရှိနေကြသော်လည်း အခြေခံလူတန်းစားများမှာမူ ခရီးစရိတ် ကုန်ကျမှု နည်းပါးသည့် ကား လမ်းခရီးကိုသာ အရဲစွန့်သွားလာနေကြရသည်။

ထို့အပြင် ကုန်းလမ်းခရီး လုံခြုံရေး အားနည်းနေသောကြောင့် လေကြောင်းခရီးကို အဓိက အားထားသွားလာသူ များပြားလာသည့်အတွက် အခွင့်ကောင်းယူကာ လေယာဥ်လက်မှတ်များ စျေးနှုန်းကြီးမြင့်လာခြင်း ဖြစ်နိုင်သည် ဟု မြို့ခံများကဆိုသည်။

ယခင် ပုံမှန်အတိုင်းဆိုပါက ကုန်းလမ်းခရီးမှာ သွားလာရ အဆင်အပြေဆုံး ဖြစ်ခဲ့သော်လည်း လက်ရှိ နိုင်ငံရေး မတည်ငြိမ်မှု အခြေအနေများအရ လုံခြုံရေး စိတ်မချရသောကြောင့် နေ့ချင်းရောက် အမြန်ရေယာဉ်ခရီးစဥ် က ပိုမို သင့်တော်နိုင်မည်ဖြစ်ပြီး ခရီးစရိတ်စျေးနှုန်းကလည်း လူတန်းစားမရွေး သွားလာနိုင်ရန် ထိန်းကြောင်း သတ် မှတ်ပေးစေလိုကြောင်း မိခင်ကျန်းမာရေးအတွက် ရန်ကုန်မြို့သို့ မကြာခဏ ခရီးသွားလာနေရသူ တစ်ဦးက ပြော သည်။

လက်ရှိ လေယာဥ် လက်မှတ်စျေးနှုန်းများမှာ မြန်မာ့လေကြောင်း (MNA AIR LINE) လိုင်းတွင် မြိတ် – ရန်ကုန် ခရီးစဉ်အတွက် လက်မှတ် တစ်စောင်လျှင် ၂၇၈,၀၀၀ ကျပ်၊ ရန်ကုန် – မြိတ်၂၈၀,၀၀၀ ကျပ်၊ မြိတ် – ကော့ သောင်း၊ ကော့သောင်း – မြိတ် ကို ၁၉၀,၀၀၀ ကျပ်၊ ကော့သောင်း – ရန်ကုန် ၄၄၈,၀၀၀ကျပ်၊ ရန်ကုန် – ကော့ သောင်း ၄၅၀,၀၀၀ ကျပ် စျေးရှိနေကြောင်း လက်မှတ်အရောင်း ကိုယ်စားလှယ်များက ပြောသည်။

ထို့အပြင် AIR KBZ လေကြောင်းလိုင်းတွင်လည်း ရန်ကုန် – မြိတ်ခရီးစဥ် လက်မှတ်တစ်စောင် ၂၈၂,၅၀၀ ကျပ်နှင့်
မြိတ် – ရန်ကုန် ၂၈၀,၅၀၀ ကျပ်အထိ ဈေးရှိနေသည်။

AIR KBZ လေကြောင်းလိုင်းမှ ခရီးစဥ်များအား နေ့စဥ် ပြေးဆွဲပေးလျက်ရှိနေသော်လည်း မြန်မာ့လေကြောင်း (MNA AIR LINE) ကမူ ခရီးစဥ် သတ်မှတ်ရက် ပုံမှန်မရှိဘဲ တပတ်လျှင် ၃ ရက်မှ ၅ ရက်သာ ပြေးဆွဲပေးလေ့ ရှိသည်။