မယ်စဲ့သို့ စစ်ကူသွားသော ကားများနှင့် စစ်သင်တန်းကျောင်းတွင် ပိတ်မိသောကားများ လွိုင်ကော်ဘက် လှည့်ပြန်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၃ ရက်။
ကရင်နီ (ကယား)ပြည်၊ လွိုင်ကော်မှ မယ်စဲ့ဘက်သို့ စစ်အင်အားဖြည့်တင်းရန်သွားသော ကားအစီးရေ ၆၀ ကျော်နှင့် အမှတ် ၁၄ စစ်လေ့ကျင့်ရေး သင်တန်းကျောင်းတွင် တစ်နှစ်ကျော် ပိတ်မိထားသည့် စစ်ကားများ အပါအဝင် ကားအစီးရေ ၁၀၀ ကျော်ခန့် လွိုင်ကော်ဘက်သို့ ပြန်လည်ထွက်ခွါသွားပြီးဟု ရှေ့တန်း သတင်းအရင်းအမြစ်က ပြောသည်။
ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် KNDF၊ ကရင်နီတပ်မတော် KA နှင့် ပြည်သူ့ကာကွယ်ရေးတပ် PDF များ ၏ ဝိုင်းဝန်း ပိတ်ဆို့တိုက်ခိုက်မှုကြားမှ မယ်စဲ့ဘက်သို့ စစ်အင်အားဖြည့်တင်းပြီး ပြန်လာသော ကားအစင်းရေ ၆၀ ကျော်နှင့် အမှတ် ၁၄ စစ်လေ့ကျင့်ရေးကျောင်းတွင် တစ်နှစ်ကျော်ကြာ ပိတ်မိနေသောကားများသည် လွိုင် ကော်ဖက်သို့ နိုဝင်ဘာလ ပထမပတ်အတွင်း (၄ ရက်နေ့ မှ ၆ရက်နေ့)ထိ ညသန်းခေါင်းယံ အချိန်တွင် ဖြတ်သန်း မောင်းနှင်သွားခဲ့ကြခြင်း ဖြစ်သည်ဟု KNDF၏ ပြန်ကြားရေး တာဝန်ရှိသူများက ပြောသည်။
KNDF၏ ပြန်ကြားရေး တာဝန်ရှိသူ တစ်ဦးက “ည သန်းခေါင်နဲ့ မနက်ကြား နောက်ဆုံးဖြစ်တဲ့ ၆ ရက်နေ့ကျတော့ ညသန်းခေါင် မရောက်ခင်မှာ ဖြတ်သွားတယ်။ ခွေးကားတွေတော့ တစ်စီးမှ မပျက်ကျန်ခဲ့ဘူး။ သူတို့ ညသန်းခေါင် တွေပဲ အကုန်လုံးမောင်းသွားကုန်တယ်” ဟု ပြောသည်။
ထိုသို့ဖြတ်သွားသော စစ်ကောင်စီ၏ ယာဉ်တန်းကို ကရင်နီပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်များက ပစ်ခတ်တိုက် ခိုက်မှုများ လုပ်ဆောင်ခဲ့ရာ စစ်ကောင်စီဖက်တွင် ထိခိုက်သေဆုံးမှုများ ရှိနိုင်သည်ဟု ပြောသည်။
KNDF ပြန်ကြားရေး တာဝန်ရှိသူက “စစ်ခွေးတွေဘက်က အကျအဆုံးတွေ ရှိနိုင်ပေမယ့် ညဖက်မှာတွေပဲဖြစ်တော့ နယ်မြေရှင်းလင်းရေးလည်း အခုထိ ကောင်းကောင်း မလုပ်ရသေးတော့ အထိအခိုက်တွေတော့ မသိရသေးဘူး ပေါ့” ဟု ပြောသည်။
ဖရူဆိုမြို့ရှိ အမှတ် ၁၄ စစ်လေ့ကျင့်ရေး သင်တန်းကျောင်းအတွင်း ကားများ မတွေ့ရတော့သည့်အပြင် လမ်တ လျှောက်တွင် တပ်စွဲထားသည့် စစ်ကောင်စီ တပ်ဖွဲ့ဝင်များလည်း မရှိတော့ဘူး ဆိုသည်။
ရှေ့တန်းရောက် သတင်းအရင်းအမြစ်က “ကားတွေ အကုန်ပြန်ဖြတ်သွားတော့ သူတို့ကင်းရှည်ထိုးထားတဲ့ ဒေါ ညေးခူ၊ ကဒါးလားပေါ့ ဒီဘက်က စစ်သား တွေ နေရာယူထားတဲ့ လမ်းဘေးနေရာက စစ်သားတွေ အကုန် ပြန် ရုတ်ကုန်ပြီလေ။ အခုက ကားတွေလည်း မရှိတော့ဘူးပေါ့” ဟု ပြောသည်။
သို့သော် စစ်ကောင်စီယာဉ်တန်း ထွက်ခွာချိန် ထို ၃ ရက်အတွင်း၌ “သူတို့က (စစ်ကောင်စီ) တက်လိုက်ဆင်းလိုက် အဲ့လို ဖြစ်နေတာ တိုက်ပွဲ ဖြစ်တဲ့ သုံးရက် အတွင်းပေါ့ တက်လိုက် ဆင်းလိုက်နဲ့ ရိက္ခာတွေပို့ကြတယ်” ဟု ပြော သည်။
စစ်ကောင်စီများ ပြန်လည်ဆုတ်ခွာသွားသော်လည်း မြေမြုပ်မိုင်းအန္တရာယ်နှင့် နယ်မြေရှင်းလင်းမှုများကို မလုပ် ဆောင်ရသေးသောကြောင့် ဒေါညေးခူ – ထီးပေါ်ဆို လမ်းပိုင်းအား ပြည်သူများအနေဖြင့် ဖြတ်သန်း သွားလာခြင်း မလုပ်ကြရန် ကရင်နီကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ တာဝန်ရှိသူများက ပြောဆိုသတိပေးထားသည်။
အဆိုပါ စစ်ကောင်စီ၏ ယာဉ်တန်းသည် ဘောလခဲမြို့သို့ အောက်တိုဘာလ ၂၁ ရက်နေ့တွင် ရောက်ရှိခဲ့ပြီးနောက် အမှတ် ၁၄ လေ့ကျင့်ရေးကျောင်းသို့ ပြန်ရောက်ရှိလာခဲ့သည်။
ထိုမှတစ်ဆင့် နိုဝင်ဘာလ ၄ ရက်နေ့မှ ၆ ရက်နေ့အထိ အမှတ်၁၄ လေ့ကျင့်ရေးကျောင်းမှ တစ်ဆင့် ဖရူဆို – ဒီးမော့ ဆို – လွိုင်ကော် ပြည်ထောင်စုလမ်းအတိုင်း ညသန်းခေါင်အချိန်တွင် ပြန်လည်ထွက်ခွာသွားခဲ့ကြသည်။