ရွာသားများအား မဲနှိုက်ခိုင်းပြီး ပျူစောထီးအဖွဲ့ လူသစ်စု

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၂၂ ရက်။

ကျွန်းစုမြို့နယ်ထဲရှိ ကျေးရွာများမှ ရွာသားများကို မဲနှိုက်ခိုင်းပြီး ပျူစောထီးအဖွဲ့ ၀င်ခိုင်းနေသည်။

မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ် အတွင်းရှိ ကျေးရွာများ၌ တစ်ရွာလျှင် ၁၅ ယောက်နှုန်းဖြင့် အရွယ်ကောင်း အမျိုးသား များကို ဖိအားပေး မဲနိုက်ခိုင်းပြီး ပျူစောထီးအဖွဲ့ဝင်သစ် အဓမ္မ စုဆောင်းနေသည်ဟု ရွာသားများက ပြောသည်။

“အစည်းအဝေးဆိုပြီး ပြော ခေါ်တာပါ၊ သာမာန် ရပ်ရေးရွာရေးအတွက်လို့ ထင်ကြတာ။ ဟိုရောက်မှ ပျူစောထီး ခေါင်းဆောင်တွေ ကိုယ်တိုင် ဦးစီးပြီး ပေါက်တဲ့သူ ပျူစောထီး လုပ်ပေးရမယ်လို့ ပြောဆိုပြီး မဲနှိုက်ခိုင်းတာပါ” ဟု မဲနိုက်ရာပါဝင်ခဲ့သူ အသက် ၃၅ နှစ်အရွယ် ရတောင်ရွာသားတစ်ဦးက ပြောသည်။

မောင်းလှော်ကျေးရွာအုပ်စု ရတောင်ကျေးရွာတွင် အသက်ပြည့်ပြီးသော အရွယ်ကောင်းသည့် ရွာသားအားလုံးကို ကျေးရွာအုပ်ချုပ်ရေးမှူးမှ လိုက်လံခေါ်ယူပြီး နိုဝင်ဘာလ ၁၅ ရက်နေ့ နေ့လယ်ပိုင်းက မဲနှိုက်ခိုင်းခဲ့ခြင်း ဖြစ်သည်။

ဖလားအတွင်း ပေါက်မဲ ၁၅ စောင်ကိုထည့်ကာ မဲနှိုက်ခိုင်းခဲ့ခြင်း ဖြစ်ပြီး မဲပေါက်သည့်သူများမှာ ပျူစောထီး သင်တန်းတက်ရောက်ရမည် ဖြစ်သည်။

ထိုသို့ သင်တန်းတက်ပြီးသွားပါ လက်နက်တပ်ဆင်ခြင်းများပါ ပြုလုပ်ပေးသွားမည်ဖြစ်ကြောင်း အစည်းအဝေး ကျင်းပသူများက ရှင်းပြပြောဆိုခဲ့ကြောင်း ရတောင်ရွာသားက ဆိုသည်။

မောင်းလှော်ကျေးရွာအုပ်စုအပြင် မင်းဂုတ်ကျေးရွာအုပ်စုတွင်လည်း အလားတူ မဲနှိုက်ခိုင်းများ ပြုလုပ်ကာ ပျူစောထီးအဖွဲ့ဝင် သစ်များအား ရွေးချယ်ထားပြီးကြောင်းနှင့် အညင်း၊ ညောင်ဘီး၊ ဇေးကမိစသည့်ကျေး ရွာများတွင်လည်း ဆက်လက်၍ မဲနှိုက်ရွေးချယ်ရန်ရှိနေသေးသည်ဟု ရွာသားများက ပြောသည်။

အဓမ္မ ဖိအားပေး မဲနိုက်ခိုင်းကာ လူသစ်စုဆောင်းနေသည့်အပေါ် ရွာသားအချို့ စိတ်ပူစိုးရိမ်နေကြပြီး အခြား ဒေသများသို့ လှေများဖြင့် ထွက်ပြေးသွားသူများနှင့် မြိတ်မြို့ပေါ်ရှိ ဆွေမျိုးမိတ်ဆွေများထံသို့ တိမ်းရှောင် သွားသူများ ရှိနေကြောင်း မင်းဂုတ်ကျေးရွာနေ ပြည်သူများက ပြောသည်။

လက်ရှိတွင် ကျွန်းစုမြို့နယ်အတွင်းရှိ မင်းဂုတ်ကျေးရွာဘက်သို့ စစ်ကောင်စီတပ်နှင့် ပျူစောထီးများ ပူးပေါင်းကာ စစ်ကြောင်းထိုးနေခြင်းကြောင့်လည်း ပြည်သူ့ကာကွယ်တပ်ဖွဲ့များနှင့် နှစ်ဖက်ကြား စစ်ရေးတင်းမာနေကြသည်။

စစ်အာဏာသိမ်းပြီးနောက် ပြည်သူ့စစ် အမည်ခံ ပျူစောထီးများကို စစ်ကောင်စီမှ လက်နက်တပ်ဆင်ပေးထားပြီး စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြသူများ၊ တော်လှန်ရေးပါဝင်သူများ၊ အရပ်သားများတို့ကို ဖမ်းဆီးသည့်အချိန် များ နှင့် စစ်ကြောင်းထိုးချိန်များတွင် ခေါ်ယူကာ အသုံးပြုလျက်ရှိနေသည်။

၂၀၁၄ သန်းခေါင် စာရင်းအရ မင်းဂုတ်၊ မောင်းလှော်နှင့် ရတောင်ကျေးရွာအုပ်စုများတွင် တစ်အုပ်စုလျှင် အိမ်ထောင်စု ၅၀၀ ကျော်ရှိသည်။