ကားကို ပစ်ခတ်ဖမ်း၊ လူတစ်ဦး သေဆုံး၊ ယာဉ်မောင်းကို PDF ဟု စွပ်စွဲ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၂၂ ရက်။

ရေဖြူမြို့ဘက်မှ မောင်းနှင်လာသည့် ကားတစ်စီးကို စစ်ကောင်စီတပ်က ပစ်ခတ်ဖမ်းဆီးသဖြင့် လူတစ်ဦး သေဆုံးခဲ့ပြီးနောက် ယာဥ် မောင်းဖြစ်သူကို PDF ဖြစ်သည်ဟု ဝါဒဖြန့်စွပ်စွဲထားကြောင်း ရွာသားများက ပြောသည်။

ပစ်ခတ်ခံရမှုကြောင့် ယာဥ်မောင်းဖြစ်သူ ဧကနိရွာသား ကိုမင်းအောင် အသက် ၄၀ နှစ် ကားပေါ်တွင် ပွဲချင်းပြီး သေဆုံးသွားခဲ့ပြီး မောင်းနှင်လာသည့် ISUZU အမျိုးအစား အနက်ရောင် ပစ်ကပ်ကားကိုလည်း စစ်ဆေးရေးဂိတ် မှ သိမ်းယူထားလိုက်သည်။

ရန်ကုန် – ထားဝယ် ကားလမ်းပေါ်ရှိ မောင်မယ်ရှောင်ကျေးရွာ ဘုရားမဲစစ်ဆေးရေးဂိတ်ထိုင် စစ်ကောင်စီတပ်မှ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အဆိုပါ ယာဉ်မောင်းကို ပစ်ခတ်ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

အသက် ၄၅ နှစ်အရွယ် ဆွေမျိုးတော်စပ်သူ အမျိုးသားတစ်ဦးက “တိုက်ပွဲဖြစ်နေတဲ့ အချိန်လည်း မဟုတ်ပါဘူး။ ပုံမှန်မောင်းလာနေတဲ့ ကားကို တားတာ ဆီးတာ မရှိဘဲ တမင်သက်သက် အတွဲလိုက် လှမ်းပစ်တာကြောင့် နား ထင်၊ ရင်ဘတ် နဲ့ ချက်အထက်နား နေရာတွေမှာ ကျည်ထိပြီး ကားပေါ်မှာပဲ ပွဲချင်းပြီးဆုံးသွားတာလို့ သိရတယ်” ဟု ပြောသည်။

ကိုမင်းအောင် သေဆုံးမှုနှင့်ပတ်သက်၍ စစ်ကောင်စီ၏ ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်နှင့် Facebook လူမှုကွန် ရက် စာမျက်နှာများတွင် တပ်မတော်မှ နယ်မြေရှင်းလင်းရန် စစ်ကြောင်းထိုးနေချိန် ညင်းထွေးကျေးရွာအနီး တိုက်ပွဲဖြစ်ပွါးခဲ့ပြီး PDF အလောင်းတစ်လောင်းနှင့် ကားတစ်စီးသိမ်းဆည်းရမိခဲ့ကြောင်း စွပ်စွဲ ရေးသားဖေါ်ပြခဲ့ ကြသည်။

ပစ်ခတ်ခံရခြင်းဖြစ်ပြီး သေဆုံးသွားသူ ကိုမင်းအောင်သည် ထိုင်းနိုင်ငံဘက်သို့ သွားရောက် အလုပ်လုပ်ကိုင်မည့် ရွှေ့ပြောင်းအလုပ်သမားများကို ပို့ဆောင်ပေးနေသည့် (ဒေသအခေါ်) ဘောလုံးကားမောင်းသူ သာမာန်အရပ်သား တစ်ဦးဖြစ်ကြောင်း ရေဖြူမြို့ခံများက ပြောသည်။

ကိုမင်းအောင်အား ဘုရားမဲစစ်ဆေးရေးဂိတ်တွင် ထိုင်သည့် စစ်ကောင်စီ တပ်ဖွဲ့ဝင်များက နိုဝင်ဘာလ ၁၉ ရက်နေ့၊ ညနေပိုင်း ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်။

ထို့နောက် ထားဝယ်စစ်ဆေးရုံသို့ ပို့ဆောင်လိုက်သည့် ကိုမင်းအောင်၏ အလောင်းကို မိသားစုဝင်များအား ထုတ်ယူခွင့် ပေးခဲ့သဖြင့် နိုဝင်ဘာလ ၂၀ ရက်နေ့ ညနေပိုင်းတွင် ဧကနိကျေးရွာသို့ ပြန်သယ်ဆောင်သွားသည်ဟု မိသားစုနှစ် နီးစပ်သူများက ဆိုသည်။

ပစ်သတ်ခံခဲ့ရသည့် ကိုမင်းအောင်မှာ PDFတပ်ဖွဲ့ဝင် မဟုတ်ကြောင်းနှင့် စစ်ကောင်စီမှ သိမ်းဆည်းလိုက်သည့် ကားမှာလည်း ပြောက်ကျားတပ်ဖွဲ့နှင့် လုံးဝ သက်ဆိုင်မှု အလျင်းမရှိကြောင်း ဒေသတွင်း လှုပ်ရှားနေသည့် ထားဝယ်ပြောက်ကျား တော်လှန်ရေးတပ်ဖွဲ့ (DGRF) ပြန်ကြားရေးတာဝန်ရှိသူက ငြင်းဆိုသည်။

လက်ရှိတွင် မောင်မယ်ရှောင်ကျေးရွာပတ်ဝန်းကျင်တွင် စစ်ကောင်စီတပ် အင်အားတိုးချထားကြောင်း ဒေသခံ ပြည်သူများက ပြောသည်။

စစ်ကောင်စီတပ်သည် အရပ်သားများကို ဥပဒေမဲ့ ပစ်ခတ်ပြီးနောက် သေဆုံးသွားချိန်တွင် PDF ဟု စွပ်စွဲကာ ဝါဒ ဖြန့်ခြင်းမျိုးများ မကြာခဏ လုပ်ဆောင်လေ့ရှိသည်ဟု ဒေသခံများက ပြောသည်။

အလားတူ နိုဝင်ဘာလ ၁၆ ရက်နေ့တွင်လည်း မြိတ်ခရိုင်ကျွန်းစုမြို့နယ် ဝါရစ်ကျေးရွာမှ ရွာသားနှစ်ဦးကို စစ် ကောင်စီတပ်မှ PDF များဟု စွပ်စွဲပြီး ပစ်သတ်ခဲ့သေးသည်။

ပြီးခဲ့သည့် စက်တင်ဘာလအတွင်းကလည်း သရက်ချောင်းမြို့နယ် ပိတောက်ကြီးကျေးရွာတွင် စစ်ကောင်စီ စစ် ကြောင်းမှ ကရင်အမျိုးသား ၃ ဦးကို ပစ်သတ်ခဲ့ပြီးနောက် PDF များဟု ဝါဒဖြန့်ခဲ့ဖူးသည်ဟု ရွာသားများက ပြော သည်။

ထိုသို့ ပစ်ခတ်သတ်ဖြတ်နေမှုများ အပြင် ထားဝယ်မြို့နယ်၊ မောင်မယ်ရှောင်ကျေးရွာ၊ ဘုရားမဲစစ်ဆေးရေး ဂိတ် အနီးရှိ ဖောင်တော်ဦးဘုရားအနီးတွင် စစ်ကောင်စီတပ်နှင့် ထားဝယ်ပြောက်ကျား တော်လှန်ရေးတပ်ဖွဲ့ – DGRF တပ်ခွဲ (၂) တို့အကြား နိုဝင်ဘာလ ၁၈ ရက်နေ့၊ ညနေပိုင်းက ပစ်ခတ်မှုများ ဖြစ်ပွားခဲ့သေးသည်ဟု ရွာသားများက ပြောသည်။

ကိုမင်းအောင် ပစ်ခတ်ခံရသည့် နိုဝင်ဘာလ ၁၉ ရက်နေ့တွင် အဆိုပါ ဘုရားမဲစစ်ဆေးရေးဂိတ် အနီးတွင် နှစ်ဖက် ကြား ပစ်ခတ်မှု တိုက်ပွဲ ဖြစ်ပွားခြင်းမျိုး မရှိခဲ့သော်လည်း ရှင်ကိုးရှင်သမိုင်းဝင် ရှင်ဓါတ်ဝဲဘုရားအနီးတွင် ထိုင် နေသည့် စစ်ကောင်စီ တပ်ဖွဲ့ကို DGRF တပ်ဖွဲ့က ထပ်မံ၍ သွားရောက်ပစ်ခတ်ခဲ့သေးသည်။