၁၁.၁၁ စစ်ဆင်ရေး နောက်ပိုင်း လွိုင်ကော်နှင့် မိုးဗြဲမှ စစ်ရှောင် ၄၀,၀၀၀ ကျော်ရှိပြီ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၂၂ ရက်။

ကရင်နီ (ကယား) ပြည်၊ လွိုင်ကော်မြို့နှင့် ရှမ်းပြည်နယ် တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်၊ မိုးဗြဲမြို့တို့တွင် ၁၁.၁၁ စစ် ဆင်ရေး စတင်ပြီးသည့် နောက်ပိုင်း စစ်ဘေးရှောင်လာသူဦးရေ ၄၀,၀၀၀ ကျော်အထိ ရှိပြီဟု ကရင်နီ လူသား ချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေးအဖွဲ့ (KHAI) တာဝန်ရှိသူများက ပြောသည်။

လတ်တလော ရရှိထားသည့် စာရင်းမှာ မြေပြင်ကယ်ဆယ်ရေး အဖွဲ့၊ သတင်းမီဒီယာများ ထုတ်ပြန်သည့် အချက် အလက်နှင့် KHAI အဖွဲ့မှ ကယ်ဆယ်ရေး ဆောင်ရွက်နေစဉ်အတွင်း အလောင်း (Dead Body) ရရှိထားသည့် စာ ရင်းများမှ အတည်ပြုထားခြင်း ဖြစ်ပြီး နိုဝင်ဘာလ ၁၁ ရက်နေ့မှ ၁၆ ရက်နေ့အထိသာ ပါဝင်သည်ဟု ဆိုသည်။

KHAI အဖွဲ့ ပြန်ကြားရေး တာဝန်ရှိသူ တစ်ဦးက “အခုကျနော်တို့ သိသလောက် ပျံ့တော့ ပျံ့နေတယ်ပေါ့နော်။ ကလောမှာ တချို့ ရှိတယ်။ အဲကနေ တီကျစ်အထိ သွားတာ ရှိတယ်။ ညောင်ရွှေ တစ်ကြောမှာလည်း ရှိတယ်။ မနေ့ကလည်း ဆီဆိုင်ဘက်မှာ PNLO က တရားဝင် စာထွက်ပြီးတော့ သူတို့က ကြိုဆိုမယ်၊ လက်ခံမယ်၊ နေရာ ပြင်ဆင်ပေးမယ် ပြောတော့ အဲဘက်လည်း တော်တော်များများ ရွှေ့မယ် ထင်တယ်။ ကျနော်တို့ Page မှာလည်း လက်လှမ်းမီသလောက် စစ်ရှောင် information (သတင်းအချက်လက်) ပေးတယ်ပေါ့နော်။ အဲ့လို ပုံစံမျိုးဆို တော့ ဘယ်ရောက်သွားပြီလဲ လောလောဆယ် Data တွေက မရသေးဘူးပေါ့နော်။ ဒါပေမယ့် စုံစမ်း သိရ သလောက်ကတော့ ဟိုး ပင်းတယ အထိကို ရှိတယ်။ အောင်ပန်း၊ ပင်းတယ အဲ့လိုပုံစံမျိုးတွေ ပျံ့နေတယ် ဆို တော့ အများဆုံး ဆိုတာကတော့ Data အနေနဲ့ ကောက်လို့ မရသေးဘူးပေါ့” ဟု ပြောသည်။

KHAI အဖွဲ့ အနေဖြင့် မြေပြင်ကယ်ဆင်ရေး အဖွဲ့များ၊ ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီ (KSC) နှင့် Free Burma Rangers (FBR) တို့ဖြင့် ပူးပေါင်း၍ ပိတ်မိနေသည့် စစ်ဘေးရှောင်များအား ကယ်ဆယ်ခြင်း၊ ဆေးကု သပေးခြင်း၊ စားဝတ်နေရေး စီစဉ်ပေးခြင်း စသည့် လုပ်ငန်းစဉ်များကို ဆောင်ရွက်ပေးနေခြင်း ဖြစ်သည်။

သို့သော် အကြောင်း အမျိုးမျိုးကြောင့် မထွက်ခွာနိုင်သေးသည့် စစ်ဘေးရှောင် အချို့လည်း ကျန်ရှိနေသေးသည် ဟု KHAI အဖွဲ့ ပြန်ကြားရေး တာဝန်ရှိသူများက ပြောသည်။

စစ်ရှောင်များကို ကူညီပေးနေသူ တစ်ဦးက “ပထမ တစ်ချက်ကတော့ တချို့က မထွက်ချင်ကြဘူး။ သေရင် လည်း ကိုယ့်အိမ်နဲ့ ကိုယ်ပဲ သေမယ် ဆိုတာတွေ ရှိတယ်။ ဒါကြောင့် တချို့ ကျန်ခဲ့တာ ရှိတယ်။ နောက်တစ်မျိုး က သွားရင်လည်း ဟိုဘက်ရောက်ရင် ဘာသွား လုပ်စားမလဲ။ စားဝတ်နေရေးအတွက် ငွေမရှိဘူး။ နေရာက လည်း မရေရာ မသေချာ အထူးသဖြင့် လိုင်းပေါ်မှာ ပေးမနေဘူး ဆိုတဲ့ ဟာတွေကြောင့် ကြောက်ပြီးတော့ မသွားကြတာလည်း ရှိတယ်။ တချို့ကျ ထွက်ဖို့ကို လုံးဝ အဆင်မပြေဘူးပေါ့။ မထွက်ရဲကြတာလည်း ပါတယ်။ စကစက တောက်လျှောက် လိုက်ပိတ်နေတာ အဲ့ဒါ ကြောင့် ကြောက်နေတာတွေ ကျန်တယ်ပေါ့နော်။ ဒါပေမယ့် ဒီမနက်လည်း ထပ်ထွက်လာပြီ ဆိုတော့ ဘယ် လောက် ရာခိုင်နှုန်းလဲ တိတိကျတော့ မပြောတတ်သေးဘူး။ ဒါပေမယ့် သေချာတာကတော့ တော်တော်လည်း နည်းသွားပြီပေါ့နော် မြို့ပေါ်မှာ နေတဲ့သူတွေက” ဟု ဆက် ပြောသည်။

လတ်တလောတွင် စစ်ကောင်စီတပ်က စစ်ဘေးရှောင်များကို စစ်ဆေးရေးဂိတ်များတွင် တင်းတင်းကြပ်ကြပ် စစ်ဆေးခြင်း၊ ဖမ်းဆီးငွေညှစ်ခြင်းစသည့် လုပ်ရပ်များကို ကျူးလွန်နေသည်ဟု ဆိုကြသည်။

ထို့အပြင် တောင်ကြီးမြို့နယ် အတွင်းသို့လည်း ဝင်ခွင့် ပိတ်ထားသောကြောင့် စစ်ဘေးရှောင်အချို့မှာ လမ်းဘေး တွင် အိပ်ခဲ့ကြရသည့်အပြင် စိုးရိမ်ကြောက်ရွံ့၍ လာရာလမ်းမှ လှည့်ပြန်နေရသူများလည်း ရှိနေသည်။

နိုဝင်ဘာလ ၁၁ ရက်နေ့ ၁၁၁၁ စစ်ဆင်ရေး စတင်ပြီးနောက် လွိုင်ကော်နှင့် မိုးဗြဲမြို့တွင် လက်နက်ကြီးကြောင့် သေဆုံးသူ ၂၆ ဦး၊ လေကြောင်း တိုက်ခိုက်မှုကြောင့် သေဆုံးသူ ၂၇ ဦး၊ အကြောင်းမဲ့ ပစ်သတ်ခံရသူ ၇ ဦး စုစုပေါင်း အယောက် ၆၀ အထိ ရှိလာနေပြီး ၎င်းတို့ အထဲတွင် အသက် ၁၈ နှစ်အောက် ကလေးငယ် ၆ ဦး ပါဝင် သည်ဟု ကူညီဆောင်ရွက်ပေးနေသူများက ပြောသည်။