နတခ လက်အောက်ခံ တပ်ရင်းတပ်ဖွဲ့များမှ စစ်သား ၂၀ ခန့် ထွက်ပြေး

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၄ ရက်။

ပုသိမ်မြို့ အနောက်တောင်တိုင်း စစ်ဌာနချုပ် လက်အောက်ခံ တပ်ရင်းတပ်ဖွဲ့များမှ တပ်သားအယောက် ၂၀ ခန့်သည် စစ်ပွဲဖြစ်ပွားရာ ဒေသများသို့ ပြောင်းရွှေ့ခံရသဖြင့် တပ်ကိုစွန့်ခွါထွက်ပြေးသွားကြသည်ဟု (နတခ) တောင်ပေါ် တပ်တွင်းမိသားစုများနှင့် နီးစပ်သူများကပြောသည်။

ဧရာဝတီတိုင်း ပုသိမ်မြို့ အနောက်တောင်တိုင်း စစ်ဌာနချုပ် (နတခ) အတွင်းရှိ တပ်မတော် တပ်ထိန်း (၄၆၄) တပ် ခွဲမှ စစ်သားများနှင့် ထောင်ကုန်းစစ်သား စုဆောင်းရေးမှ စစ်သားများ ထွက်ပြေးကြခြင်း ဖြစ်သည်ဟု နတခ မိသားစုများနှင့် နီးစပ်သူများကပြောသည်။

ဆက်လက်ပြီး နတခ ဝန်း အတွင်းရှိ တပ်ထိန်း ၄၆၄ တပ်ခွဲမှ တပ်ကြပ်ကြီး ၇ ဦးမှာ စစ်ပွဲများဖြစ်ပွားနေသည့် ရှမ်းပြည် မြောက်ပိုင်းသို့ ပြောင်းရွှေ့ခံရသဖြင့် တပ်တွင်းမှ ထွက်ပြေးကြခြင်း ဖြစ်သည်ဟု ဆိုသည်။

၄၆၄ တပ်ထိန်းမိသားစုများနှင့် နီးစပ်သူတစ်ဦး က “ဒီနေ့ဆိုရင် ထွက်ပြေးတာ လေးရက်ရှိပြီ မိသားစုတွေကို တပ် ထဲမှာပဲ ဖမ်းထားတယ်။ ထိန်းသိမ်းထားတဲ့ သဘောပေါ့ ဘယ်သူနဲ့ မှ‌မတွေ့ရဘူး။ နတခ ထဲမှာရှိတဲ့ တပ် တွင်း မိသားစုတွေကို တပ်ပြင်ထွက်ခွင့် ပိတ်ထား တယ်။ ဒီသတင်းအပြင်မထွက်အောင်ပေါ့” ဟု ပြောသည်။

ထောင်ကုန်းရပ်ကွက်ရှိ စစ်သား စုဆောင်းရေးတပ်ဖွဲ့မှ စစ်သား ၁၃ ဦးလည်း ရှမ်းပြည်မြောက်ပိုင်းနှင့် ရခိုင်ပြည် နယ်များသို့ ပြောင်းရွှေ့ခံရသဖြင့် ထွက်ပြေးကြသည်မှာ နှစ်ရက်ခန့်ရှိပြီဟု ထောင်ကုန်း စစ်သားစုဆောင်းရေး နေရာ အနီးနေထိုင်သူ အချို့က ပြောသည်။

နတခ တောင်ပေါ်မိသားစုများနှင့် နီးစပ်သူတစ်ဦးက “ပြေးတဲ့သူတွေက တပ်ပြောင်းပါတဲ့ သူတွေချည်းပဲ။ မြို့ အဝင်အထွက် ဂိတ်တွေမှာ နာမည်နဲ့ ဓာတ်ပုံတွေ တိုက် ပြီး ပိုက်စိတ်တိုက်ရှာနေတယ်။ တပ်ထဲမှာလည်း တင်း ကြပ်ထားတယ်။ ဘယ်မှ ထွက်ခွင့် မပေးဘူး မိသားစုတွေကိုပါ” ဟု ပြောသည်။

ဆက်လက်၍လည်း ယခုကဲ့သို့ တပ်ပြေးမှုများ မဖြစ်သေးချိန်ကပင် (နတခ) လက်အောက်ခံတပ်များတွင် ခွင့်မဲ့ ပျက်ကွက်နှင့် ခွင့်လွန်ပျက်ကွက်များ များပြားနေသဖြင့် ခွင့်မပေးတော့ကြောင်း အချို့တပ်မှ ပြေးရန် ကြံစည် နေကြသူများမှာ တပ်တွင်း အဝင်အထွက်နှင့် စည်းကမ်းများ တင်းကြပ်ထားလိုက်သဖြင့် မပြေးသာတော့ဘဲ ဖြစ်နေသည်ဟု ဆိုကြသည်။

ပုသိမ်မြို့ရှိ အနောက်တောင်တိုင်း စစ်ဌာနချုပ်အတွင်းမှ အရာရှိများနှင့် စစ်သားများမှာ စစ်ပွဲများဖြစ်ပွားနေ သည့် ဒေသများသို့ ပြောင်းရွှေ့ရမည်ကို ကြောက်ရွံ့နေကြကာ မပြောင်းရွှေ့ရရေး အဆင့်ဆင့် လာဒ်ပေးမှုများ ပြုလုပ်၍ နေကြသည်ဟု စစ်တပ်နှင့် နီးစပ်သူများကပြောသည်။

အခြားအဆင့် စစ်သည်များမှာ တပ်ရင်းမှူး၊ တပ်ခွဲမှူး၊ ဗိုလ်ကြီး ဗိုလ်လေးများနှင့် ပုဂ္ဂိုလ်ရေးအရ အဆင် မပြေ သည့်သူများ၊ အရာရှိ အဆင့်များမှာလည်း တပ်ရင်းမှူး ဂျီတူး၊ ဂျီဝမ်း တို့အပြင် တိုင်းမှူးနှင့် အဆင်မပြေသူများမှာ တိုက်ပွဲများဖြစ်ပွားနေသည့် ဒေသများသို့ ဖိအားပေး ပြောင်းရွှေ့ ခံနေကြရသည်ဟု တပ်တွင်းမိသားစုဝင်များက ပြောသည်။