တနင်္သာရီတွင် စစ်ယာဉ်တန်းနဲ့ စစ်စခန်းကို တိုက်ခိုက်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၅ ရက်။
တနင်္သာရီတိုင်းဒေသကြီးတွင် မြိတ်မြို့မှ ထွက်ခွာလာသော စစ်ကောင်စီ ယာဥ် တန်းနှင့် တပ်စခန်းတစ်ခုတို့ တစ်ရက်တည်း တိုက်ခိုက်ခဲ့သည်ဟု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
လက်နက်ခဲယမ်းများ တင်ဆောင်ပြီး မြိတ်မြို့ဘက်မှ ကမ်းမလိုင်းကျေးရွာ အခြေစိုက် ခမရ – ၅၅၈ တပ်ရင်းသို့ ပို့ဆောင်ရန် မောင်းနှင်လာသည့် စစ်ကောင်စီယာဥ်တန်းကို တနင်္သာရီမြို့ နယ် ဘန်းလမွတ်ကျေးရွာအုပ်စု ညောင် ပင်ကုန်းကျေးရွာအနီး ပြည်သူ့ကာကွယ်ရေးအဖွဲ့များက ဒီဇင်ဘာလ ၂ ရက်နေ့ နံနက် ၅ နာရီခွဲအချိန်ခန့်က မိုင်းဆွဲ တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။
စစ်ကောင်စီ ယာဥ်တန်းတိုက်ခိုက်မှုတွင် စစ်တပ်ဘက်က ကြီးကြီးမားမား ထိခိုက်မှုမျိုး မရှိခဲ့ကြောင်း တိုက်ခိုက် ရာတွင် ပါဝင်ခဲ့သည့် ပြည်သူကာကွယ်ရေးတပ်တာဝန်ရှိသူက ဆိုသည်။
ထို့အပြင် မြိတ်မြို့နယ် မြိတ် – တနင်္သာရီသွား ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ တုံးဗျောကြီးကျေးရွာ စစ်ကောင်စီ တပ်စခန်းကိုလည်း ပြည်သူ့ကာ ကွယ်ရေးပူးပေါင်းတပ်များက ဒီဇင်ဘာလ ၂ ရက်နေ့၊ မွန်းလွှဲ ၂ နာရီ အချိန်ခန့်က
ဝင်ရောက်တိုက်ခိုက်ခဲ့ကြသည်။
အဆိုပါ တိုက်ပွဲထဲ “အပြန်အလှန် နာရီဝက်လောက်ပစ်ကြတာ။ စစ်တပ်ကလည်း လက် နက်ကြီးတွေ တဂျိမ်း ဂျိမ်းနဲ့ စခန်းထဲကနေ ပြန်ပစ်နေတာ၊ ရွာသားတွေ ကြောက်ပြီး အိမ်ထဲပုန်းနေကြရတယ်။ တချို့ဘေးလွတ်မယ့် ယာတောထဲ ဝင်ပြေးကြသူတွေ လည်းရှိတယ်” ဟု အသက် ၅၀ ခန့်အရွယ် ရွာသားတစ်ဦးက ပြောသည်။
တိုက်ပွဲဖြစ်ပွားနေချိန် စစ်ကောင်စီတပ်က လူနေအိမ်များဘက်သို့ ပစ်ခတ်ခဲ့သည့် လက်နက်ကြီးကျည်များ ကြောင့် တုံးဗျောကြီးကျေးရွာအုပ်စု ကင်းတပ်ကျေးရွာမှ နေအိမ်တဆောင် ကျည်ထိမှန် မီးလောင်ပျက်စီးခဲ့ သည်။ သို့သော် လူသူ ထိခိုက်မှုမရှိခဲ့ဟု ဒေသခံများက ပြောသည်။
ယခင်ကလည်း တုံးဗျောကြီးကျေးရွာရှိ စစ်ကောင်စီတပ်စခန်းကို PDF တပ်များက မကြာခဏ ဆိုသလို လာ ရောက် တိုက်ခိုက်လေ့ရှိပြီး အတိုက်ခံရပြီးသည့် အချိန်များတွင်လည်း ကျေးရွာထဲရှိ ရွာသားအချို့ကို ဖမ်းဆီး စစ်ဆေးမှုများလုပ်ခဲ့ကြသည်။
ထိုသို့ ဖမ်းဆီးစစ်ဆေးမှုများကြောင့် လက်ရှိအချိန်ထိ ပုန်းရှောင်နေရသည့် လူငယ်ပိုင်းရွာသားအချို့မှာ နေအိမ်သို့ ပြန်လာမရဲဘဲရှိနေကြသည်။
မြိတ် – တနင်္သာရီသွား ပြည်ထောင်စု ကားလမ်းမကြီးပေါ်တွင် တနေ့တည်း ၂ ကြိမ်တိုက်ခိုက်ခံခဲ့ရပြီးနောက် တုံးဗျောကြီးကျေးရွာ စစ်ကောင်စီတပ်စခန်းကို လူနှင့်လက်နက်အင်အား ဖြည့်တင်းထားမှုများ ရှိနေပြီး ပြည်သူ့ ကာကွယ်ရေးတပ်များနှင့် စစ်တပ်တို့အကြား စစ်ရေးတင်းမာလျက်ရှိနေသည်ဟု ရွာသားများက ဆိုသည်။
စစ်ကောင်စီယာဥ်တန်းနှင့် တပ်စခန်းတိုက်ခိုက်မှုကို မြိတ်ခရိုင်တပ်ရင်း-၂၊ တပ်ခွဲ-၁၊ ဘက်မလိုက် ပြောက်ကျား အဖွဲ့၊ တောင်ပိုင်းသူရဲကောင်းအဖွဲ့ (SWDF)နှင့် မြိတ်မြို့နယ် ပကဖတို့ ပါဝင်ဖွဲ့စည်းထားသည့် ပြည်သူ့ကာကွယ် ရေး ပူးပေါင်းစစ်ကြောင်း (၁) မှ လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ဒီဇင်ဘာလ ၃ ရက်နေ့က ထုတ်ပြန်ထားသည်။
တုံးဗျောကြီးစခန်း တိုက်ခိုက်ခံရမှုအတွင်း စစ်ကောင်စီဘက်မှ ၃ ဦးသေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရသူများလည်း ရှိသည်ဟု ထုတ်ပြန်ချက်ထဲတွင် ဖေါ်ပြထားသည်။
ပြည်သူကာကွယ်ရေး ပူးပေါင်းစစ်ကြောင်း (၁) ဘက်မှလည်း တပ်ဖွဲ့ဝင် ၂ ဦး ထိခိုက်ဒဏ်ရာ (မစိုးရိမ်ရ) ရရှိခဲ့ သည်။
တနင်္သာရီမြို့နယ်အတွင်း လက်ရှိဖြစ်ပေါ်နေသည့် စစ်ရေးအခြေအနေများကြောင့် ဒေသခံ ပြည်သူများနှင့် ခရီး သွားပြည်သူများ သတိရှိစွာ သွားလာနေထိုင်ကြဖို့ ပြည်သူ့ကာကွယ်ရေးတပ်များက မေတ္တာရပ်ခံ အသိပေးထား သည်။