ထားဝယ်ကွန်ပျူတာ တက္ကသိုလ် ကျောင်းသားဟောင်းကို ထောင် ၁၀ နှစ်ချ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၈ ရက်။

ထားဝယ်မြို့အဝင် စစ်ဆေးရေးဂိတ်တွင် ဖမ်းဆီးခံခဲ့ရသူ ထားဝယ်ကွန်ပျူတာ တက္ကသိုလ် ကျောင်းသားဟောင်း ကို စစ်ကောင်စီ၏ ထောင်တွင်းတရားရုံးက ထောင် ၁၀ နှစ်အမိန့်ချလိုက်သည်ဟု မိသားစုနှင့် နီးစပ်သူများက ပြောသည်။

အမိန့်ချမှတ်ခံရသူမှာ ရေဖြူမြို့နယ်၊ မိကျောင်းလှောင်းရွာဟောင်းမှ မိဘများနှင့်အတူ ဥယျာဥ်ခြံလုပ်ကိုင်နေသူ ကွန်ပျူတာနည်းပညာ ဘွဲ့ရကျောင်းသားဟောင်း စောဆောင်းနှင်းထူးဖော အသက်၂၈ နှစ် ဆိုသူ ဖြစ်သည်။

“သူ့ ဖုန်းထဲမှာ နိုင်ငံရေးနဲ့ ပတ်သက်တာတွေ တွေ့တယ်ဆိုပြီး ဖမ်းခဲ့တာပါ၊ အမှု နှစ်ခုကို တပေါင်းတည်း ကျခံဖို့ ဆိုပြီး အမိန့်ချလိုက်တယ်လို့ သိရတယ်။ ထောင်ဝင်စာလည်း တွေ့ခွင့်ရပြီးပါပြီ။ ကျန်းမာရေးလည်း ကောင်းပါ တယ်” ဟု မိသားစုဝင်တစ်ဦးက ပြောသည်။

စောဆောင်းနှင်းထူးဖောကို လက်ကိုင်ဖုန်းအတွင်း စစ်ဆေးတွေ့ရှိရသည်များနှင့် ပတ်သက်၍ အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၂-က၊ ၅၀-ည တို့ဖြင့် တရားစွဲဆိုခဲ့ပြီးနောက် လေးလကျော်အကြာ နိုဝင်ဘာလ ၃၀ ရက်နေ့က ထောင်ဒဏ် ၁၀ နှစ် အမိန့်ချမှတ်ခဲ့ခြင်းဖြစ်သည်။

ဆေးစစ်ချက်ယူရန်လာရောက်သည့် စောဆောင်းနှင်းထူးဖောကို ထားဝယ်မြို့အဝင် အိမ်ရှေ့ပြင် စစ်ဆေးရေး ဂိတ်ရှိ စစ်ကောင်စီတပ်က လက်ကိုင်ဖုန်းကို စစ်ဆေးပြီးနောက် ခရီးသည်တင်ယာဥ်ပေါ်မှ ဇူလိုင်လ ၂၅ ရက်နေ့ က ဖမ်းဆီးခေါ်ဆောင်သွားခဲ့ခြင်း ဖြစ်ကြောင်း မိသားစုဝင်က ဆိုသည်။

ဖမ်းဆီးခံရပြီးသည့်နောက် နှစ်လကျော်ကြာသည်အထိ မိသားစုနှင့် အဆက်အသွယ် လုပ်ခွင့်မရရှိခဲ့ဘဲ စစ်ကြော ရေးတွင် အစစ်ဆေးခံနေခဲ့ရခြင်း ဖြစ်သည်။

ထို့နောက် ယခုနှစ် စက်တင်ဘာလကုန်ပိုင်းမှသာ ရဲစခန်းသို့ ရောက်ရှိနေသည်ကို သိရှိခဲ့ရ မိသားစုဝင်က ပြောသည်။

အလားတူ တနင်္သာရီတိုင်းအတွင်းရှိ မြို့အဝင် စစ်ဆေးရေးဂိတ်များတွင် စောဆောင်းနှင်းထူးဖော ကဲ့သို့ ခရီးသွား ပြည်သူများ၏ လက်ကိုင်ဖုန်းများကို အသေးစိတ် စစ်ဆေးပြီး စွပ်စွဲဖမ်းဆီးကာ ငွေကြေးတောင်းယူနေခြင်းများ ရှိနေသည်ဟု ဒေသခံများက ပြောသည်။

ထို့အပြင် ငွေမပေးနိုင်သူများကို အကြမ်းဖက်ဥပဒေပုဒ်မများဖြင့် တရားစွဲကာ နှစ်ရှည်ပြစ်ဒဏ်များ ချမှတ်သည့် ဖြစ်စဥ်များလည်း အများအပြားရှိနေသည်ဟု ဆိုကြသည်။

ထားဝယ်အကျဥ်းထောင်အတွင်း နိုင်ငံရေးအကျဥ်းသား၊ အကျဥ်းသူ အယောက် ၄၀၀ ဝန်းကျင်ရှိနေပြီး အများစုမှာ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မများဖြင့် တရားစွဲဆိုခံထားရသူများနှင့် အမိန့်ချ မှတ်ခံထားရသူများဖြစ်ကြောင်း အကျဉ်းဦးစီးနှင့် နီးစပ်သူများက ပြောသည်။