လမ်းဘေးတွင်တွေ့သော ကွန်ဒုံးပုံးများကြောင့် ဗုံးလန့်မှုဖြစ်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၁၁ ရက်။

အမျိုးသားများ လိင်ဆက်ဆံရာတွင် အသုံးပြုသည့် ကွန်ဒုံးများထည့်ထားသော စက္ကူဖာပုံးကို လမ်းဘေးတွင် တွေ့ရှိပြီး ပုသိမ်တွင် ဗုံး ထိတ်လန့်မှု ဖြစ်ပွားခဲ့သည်ဟု ဒေသခံများက ပြောသည်။

ပုသိမ်မြို့ အမှတ် ၁ ရပ်ကွက် နှင့် အမှတ် ၂ ရပ်ကွက် အကြားရှိ မင်းကြီးလမ်းဘေးတွင် တွေ့ရှိသည့် ကွန်ဒုံးများ ထည့်ထား‌သော စက္ကူ သေတ္တာ ပုံးငယ်နှစ်လုံးကို တွေ့ ရှိပြီး စစ်တပ်နှင့် ရဲတပ်ဖွဲ့ က လမ်းမကြီးကို ပိတ်ဆို့ ရှင်း လင်းရာက ဗုံးထိတ်လန့်မှု ဖြစ်ပွားခဲ့ကြသည်ဟု မြို့ခံများက ပြောသည်။

မင်းကြီးလမ်းနေထိုင်သူတစ်ဦးက “မီးသတ်ကားတွေရော စစ်‌ကား ရဲကားတွေ ရောက်လာပြီး စက္ကူ သေတ္တာပုံး ကို လာရှင်းကြတယ်။ ဗုံးအကာအကွယ်တွေလုပ်ပြီး ‌မီးသတ်ကားနဲ့ ရေလောင်းတယ်။ ပြီးတော့ မိုင်းရှာစက်နဲ့ စစ်တယ်။ ဘာမှ မထူးခြားလို့ ဖွင့်ကြည့်တော့မှ ကွန်ဒုံးတွေကို တွေ့တာ” ဟု ပြောသည်။

ကွန်းဒုန်းများ ထည့်ထားသည့် စက္ကူ သေတ္တာပုံးကို လမ်းသွားလမ်းလာ အချို့က ဒီဇင်ဘာလ ၇ ရက်နေ့တွင် စတင်တွေ့ရှိခြင်းဖြစ်သည်။

ထိုသို့ တွေ့ရှိပြီးနောက် ဗုံးသတိရှိသူတစ်ဦး၏ အကြံပေးချက်အရ ရပ်ကွက် အုပ်ချုပ်ရေးအဖွဲ့က စစ်ကောင်စီ ရဲတပ်ဖွဲ့ကို ဆက်လက် သတင်းပေးပို့ ခဲ့ကြခြင်း ဖြစ်သည်ဟု ဆိုသည်။

အဆိုပါ စက္ကူသေတ္တာပုံးငယ် ၂ လုံးကို ထိုနေ့ နံနက် အစောပိုင်း ကတည်းက တွေ့ရှိနေခဲ့ကြခြင်းဖြစ်ပြီး စွန့်ပစ် ပစ္စည်း ဖြစ်နိုင်သလို မြို့တွင်းစတိုးဆိုင် နှင့် ကုန်စုံဆိုင်များကို ကုန်စည်များ လိုက်ပို့သည့် ကားတစ်စီးပေါ်က ပြုတ်ကျကျန်ခဲ့ခြင်းလည်း ဖြစ်နိုင်သည်ဟု ရပ်ကွက် အုပ်ချုပ်ရေး အဖွဲ့ဝင် တစ်ဦး က ပြောသည်။

“အထက်က ဗုံးသံသယ ဖြစ်ရင် သတင်းပို့ဖို့ ညွှန်ကြားထားတယ်။ ဘယ်သူက ထောင်တဲ့ ဗုံးဖြစ်ဖြစ် ပေါက်ကွဲ လို့ရှိရင် မသက်ဆိုင်တဲ့သူတွေကို မထိစေချင်လို့ တာဝန်ရှိသူတွေကို သတင်းပို့တာ” ဟု ၎င်းရပ်ကွက် အုပ်ချုပ် ရေး အဖွဲ့ဝင်က ဆက်ပြောသည်။

ထို့အပြင် တိုင်းစစ်ကောင်စီက ခရစ္စမတ်နှင့် ခရစ်နှစ်သစ်ကူးကာလ လက်ဆောင် ပါဆယ်ပုံးများ ပါကင်ထုပ်များ ကို အထူးသတိထားရန် ၎င်း၏ လက်အောက်ခံ အဖွဲ့အစည်းများ စစ်တပ် ကျောထောက် နောက်ခံပြု ပါတီ အဖွဲ့ အစည်းများနှင့် ဌာနဆိုင်ရာများ အရာရှိများကို လျှို့ဝှက် ညွှန်ကြားချက်ထုတ်ထားသည်ဟု တိုင်းစစ်ကောင်စီရုံး ဝန်ထမ်း အချို့က ပြောသည်။

စစ်ကောင်စီ အနေဖြင့် ၎င်းလက်အောက်ခံ အဖွဲ့အစည်းများနှင့် အရာရှိများကို ထိုသို့ သတိပေး ညွှန်ကြားထား‌ သော်လည်း ဒေသခံများကိုမူ ဗုံးနှင့်ပတ်သက်သည့် သတိပြုရန် အသိပညာပေး သတင်းထုတ်ပြန်မှုများကို ယနေ့ အထိ တစ်ကြိမ်မှ မလုပ်ဆောင်ခဲ့ဘူးဟု ဒေသခံများက ပြောသည်။

ပုသိမ်မြို့နယ်အတွင်း၌ စစ်အာဏာသိမ်းပြီးနောက် ၂၀၂၁ ခုနှစ် မတ်လမှစတင်၍ ၂၀၂၃ ခုနှစ် ဧပြီလအထိ ဗုံးပေါက်ကွဲမှုနှင့် ဗုံးထိတ်လန့်မှု ၂၅ ကြိမ်ထက် မနည်းဖြစ်ပွားခဲ့ကြောင်း ရဲတပ်ဖွဲ့ သတင်းအရင်းအမြစ်များ က ဆိုသည်။