စစ်ရှောင်တချို့ ဧည့်စာရင်းတိုင်ရာတွင် ပိုက်ဆံတောင်းခံနေရ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၁၃ ရက်။

မြိတ်မြို့ရှိ ရပ်ကွက်အချို့၌ စစ်ဘေးရှောင်များ အပါအ၀င် အခြား နယ်မြေဒေသများမှ လာရောက် ပြောင်းရွှေ့ နေထိုင်သူများနှင့် အိမ်ငှားရမ်းနေထိုင်ကြသူများမှာ ဒီဇင်ဘာလ ပထမပတ်မှစတင်ပြီး ဧည့်စာရင်းတိုင်ကြားကြ သည့်အခါ ပိုက်ဆံတောင်းရမ်းခြင်းများ ရှိနေကြရသည်ဟု မြို့ခံအိမ်ရှင်များက ပြောသည်။

ဧည့်စာရင်းတိုင်ကြားကာ နေထိုင်ကြရသူများမှာ အများအားဖြင့် နယ်မြေရှင်းလင်းရေးအတွက် ကျေးရွာများသို့ စစ်ကောင်စီမှ စစ်ကြောင်းထိုးနေခြင်းများကြောင့် ထွက်ပြေးတိမ်းရှောင်နေကြရသူများနှင့် နှစ်ဘက် တိုက်ပွဲများ ကြောင့် ဝမ်းစာရေးအလုပ်လုပ်ကိုင်ရန် ခက်ခဲနေကြသူများဖြစ်ကြောင်း အိမ်ခန်းငှားရမ်းနေထိုင်သူ တစ်ဦးက ပြောသည်။

အိမ်ခန်းငှားရမ်းနေထိုင်သူ တစ်ဦးက “ဧည့်စာရင်းတိုင်တဲ့အခါမှာ တပတ်စာ နေထိုင်ခွင့်ကို မိသားစုအပေါ် မူ တည်ပြီး ငါးထောင်ကနေ တစ်သောင်းကျပ်အထိ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးက တောင်းပါတယ်။ အိမ်ငှားခက လည်းလို စားသောက်ဖို့လည်းလိုနဲ့ အတော်လေး အခက်အခဲ ကြုံနေရတာပါ။ တချို့ရပ်ကွက်တွေကြတော့ လည်း စေတနာပေါက်ပဲ ပေးရတယ်လို့ ကြားတယ်” ဟု ပြောသည်။

မြိတ်ခရိုင်အတွင်း အဓိကတိုက်ပွဲများ ဖြစ်ပွားနေရာဒေသများ ဖြစ်သည့် ပုလောမြို့နယ်နှင့် တနင်္သာရီမြို့နယ်တို့ ဘက်က စစ်ဘေးရှောင် လာရောက်နေထိုင်ကြသူများမှာ အထောက်အထား အပြည့်အစုံဖြင့် သက်ဆိုင်ရာ ရပ် ကွက် အုပ်ချုပ်ရေးမှူးရုံးများတွင် ဧည့်စာရင်းသွား ရောက်တိုင်ကြားနေကြရခြင်း ဖြစ်သည်။

ညပိုင်းအချိန်များတွင်လည်း မြိတ်တောင်ကျေးရွာအုပ်စုမှ အင်းလေးမြိုင်၊ ရွှေပြည်တန်၊ တိုးချဲ့မီးလောင်ပြင် ရပ် ကွက်များနှင့် မြိတ်တောင်နယ်မြေ အတွင်းရှိ ရေနံမြေ၊ မြို့သစ်ရပ်ကွက်များသို့ ရှောင်တခင် ဧည့်စာရင်းဝင် ရောက် စစ်ဆေးခြင်းများ ပြုလုပ်လေ့ရှိကြောင်း ဒေသခံများက ပြောသည်။

စစ်ဆေးရာတွင် စစ်ကောင်စီတပ်နှင့်အတူ အရပ်ဝတ်ဖြင့် လက်နက်ကိုင်ဆောင်ထားသူများလည်း ပါဝင်ပြီး နေအိမ်များအတွင်း မွှေနှောက်ရှာဖွေကာ ခြိမ်းခြောက်စစ်ဆေးလေ့ရှိသည်ဟု မြို့ခံများက ဆိုသည်။

ဧည့်စာရင်း အကြောင်းပြုပြီး အရပ်သားပြည်သူတွေကို ဖမ်းဆီးကာ ငွေကြေးပေး၍ ပြန်ရွေးထုတ်ခိုင်းသည့် ဖြစ်စဥ်များလည်း ရှိနေကြောင်း ဆိုကြသည်။

ယခုနှစ်အစောပိုင်း ဇန်နဝါရီလအတွင်း၌လည်း တိုက်ပွဲများပြင်းထန်နေသည့် ပုလောမြို့နယ်မှ မြိတ်မြို့သို့ ထွက် ပြေးတိမ်းရှောင်ကာ ရောက်ရှိလာသူ မိသားစုများကို စစ်ကောင်စီက အင်အား အများအပြားဖြင့် ဖမ်းဆီးခေါ် ဆောင်သွားခြင်းမျိုး ရှိခဲ့သေးသည်ဟု ကလွင်နယ်မြေ တောင်ပြိုရပ်တွင် နေထိုင်သူတစ်ဦးက ပြောသည်။

မြိတ်မြို့အဝင် ကျွဲကူးတံတားရှိ စစ်ကောင်စီ စစ်ဆေးရေးဂိတ်တွင်လည်း ပုလောမြို့နယ် မှတ်ပုံတင် ကိုင်ဆောင် သူများကို မှတ်ပုံတင်၊ အိမ်ထောင်စုတို့အပြင် ပုလောမြို့မှ ရပ်ကွက်ထောက်ခံစာ၊ တည်းခိုမည့်နေရာနှင့် အိမ်ရှင် ၏ ဖုန်းနံပါတ် စသည့် အထောက်အထား အပြည့်အစုံကို စစ်ဆေးမေးမြန်းပြီးမှသာ ဝင်ခွင့်ပြုကြောင်း ဒေသခံ ပြည်သူများက ပြောသည်။