ပြောက်ကျားတပ်ဖွဲ့ဝင်၏ မိသားစုကို ရိုက်နှက်ဖမ်းဆီး

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၁၆ ရက်။

ရှမ်းပြည်နယ် တောင်ပိုင်း၊ ရွာငံမြို့နယ်၊ အလယ်ချောင်ကျေးရွာတွင် ဂျိုးဖြူပြောက်ကျား တပ်ဖွဲ့ဝင် ရဲဘော် ကိုပြူး၏ မိသားစုဝင် ၈ ဦး ဖမ်းဆီးခံလိုက်ရသည်ဟု ကျေးရွာနေ ပြည်သူများက ပြောသည်။

စစ်ကောင်စီတပ်နှင့် ပျူစောထီးများ အင်အား ၆၀ ခန့်က ကား ၆ စီးဖြင့် ရောက်ရှိလာပြီးနောက် ကိုပြူး၏ နေအိမ်ကို မွှေနှောက် ရှာဖွေ၍ မိသားစုဝင်များကို ဖမ်းဆီးသွားခြင်း ဖြစ်သည်။

နီးစပ်သူ တစ်ဦးက “အကုန်ရိုက်နှက်ပြီး ဖမ်းသွားတာ။ စစ်သားထက် ပျူစောထီးအင်အားက ပိုများတယ်။ လက်ဝတ်လက်စား ရွှေတွေလည်း ပါသွားတယ်လို့ ကြားတယ်။ ဘယ်လောက်လည်းတော့ မသိဘူး။ ဒလန်က ရှေ့ကနေ လမ်းပြတာ” ဟု ပြောသည်။

ဂျိူးဖြူပြောက်ကျားတပ်ဖွဲ့ဝင် ကိုပြူး၏ မိသားစုဝင်များကို ဒီဇင်ဘာ ၁၂ ရက်နေ့၊ နံနက် ၆ နာရီခွဲ အချိန်ခန့်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဖမ်းဆီးသွားခြင်း ဖြစ်သည်။

ကိုပြူးအား မိသားစုဝင်များက အမွှေပြတ် စွန့်လွှတ်ထားသည်မှာ တစ်နှစ်ကျော် ကြာမြင့်ပြီ ဖြစ်ပြီး ယင်းနောက် ပိုင်းတွင် ၎င်း၏ အိမ်သို့ တစ်ကြိမ်တစ်ခါမှ ပြန်လာခြင်းမျိုး မရှိခဲ့ဘူးဟု ကျေးရွာနေပြည်သူများက ဆိုသည်။

လတ်တလောတွင် မိသားစုဝင်များအား မည်သည့်နေရာတွင် ချုပ်နှောင်ထားသည်ကို မသိရသေးသည့်အပြင် ဆက်သွယ်ခွင့်လည်း မပေးသောကြောင့် ကျန်ရစ်သူများမှာ စိုးရိမ်ပူပန်နေကြသည်။

ရွာငံမြို့နယ်အတွင်း စစ်ရေးလှုပ်ရှားနေသည့် ပြောက်ကျားတပ်ဖွဲ့ဝင် တစ်ဦးက “အလယ်ချောင်က တလရ အဖွဲ့ တွေထဲကို တော်တော်များများက ဝင်ကြတယ်ဆိုတော့ စစ်ကောင်စီကလည်း မျက်စိတောက်ထောက် ကြည့်နေ တာ ကြာပြီ။ အဲတော့ လာပြီး ဖိအားပေးတာတွေ ဖမ်းတာတွေတော့ ရှိတာပေါ့။ တစ်နည်းပြောရရင် ပြည်သူကို ဖြဲချောက်တာပေါ့” ဟု ပြောသည်။

ယခင်က အလယ်ချောင်ကျေးရွာတွင် စစ်ကောင်စီတပ်များ တပ်စွဲထားသော်လည်း ပြီးခဲ့သည့် ၆ လဝန်းကျင်ခန့် ကစတင်၍ တပ်ပြန်ရုတ်သိမ်းပြီး ရွာထဲသို့ မကြာခဏ ဝင်ထွက်သွားလာခြင်း၊ မသင်္ကာသူများအား ဖမ်းဆီး စစ်ဆေးခြင်း စသည့် လုပ်ရပ်များ ကျူးလွန်နေသည်ဟု ဆိုကြသည်။

၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၈ ရက်နေ့ကလည်း ဂျိုးဖြူပြောက်ကျား တပ်ဖွဲ့ဝင် ကိုမောင်လေး ဆိုသူမှာ စစ်ဘေး ရှောင်များအား ကူညီထောက်ပံ့ရန် အောင်ပန်းမြို့တွင် ဈေးဝယ်နေစဉ် ဖမ်းဆီးခံလိုက်ရသေးသည်။

လက်ရှိအချိန်အထိ ဖမ်းဆီးခံထားရသည့် တပ်ဖွဲ့ဝင်ပေါင်း ၃ ဦးရှိပြီဟု အဖွဲ့တာဝန်ရှိသူများက ပြောသည်။