မောရဝတီရေတပ်ဌာနချုပ် ဒရုန်းဖြင့်တိုက်ခိုက်ခံရ

သတင်းနှင့် မီဒီယာကွန်ရက်။
၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၁၈ ရက်။

ရေဖြူမြို့နယ် ကံပေါက်ဒေသရှိ အုန်းပင်ကွင်းကျေးရွာတွင် အခြေစိုက်ထားသည့် မောရဝတီ ရေတပ်ဌာနချုပ် ဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက်ခံရကြောင်း တပ်တွင်းသတင်းအရင်းအမြစ်များ နှင့် ရွာသားများက ပြောသည်။

အုန်းပင်ကွင်းကျေးရွာတွင် တည်ရှိသည့် မောရဝတီရေတပ် ဌာနချုပ်ကို ဒရုန်း နှင့် ဗုံးသီးချတိုက်ခိုက်ခဲ့ရမှုသည် ကံပေါက်ဒေသတွင် ပထမဦးဆုံးအကြိမ်ဖြစ်သည်ဟု ရွာသားများက ပြောသည်။

အုန်းပင်ကွင်းကျေးရွာမှ ကျောင်းသားမိဘတစ်ဦးက “ရေတပ်ထဲက ဌာနချုပ်မှူး အိမ်အနီးကို ဗုံးသီး တစ်လုံး ကျ ကွဲတယ်၊ နေရာတော်တော်များများမှာ ဗုံးတွေကျကွဲတယ်။ ပြီးတာနဲ့ ကျောင်းတွေပိတ်ပြီး ကျောင်းသားတွေကို အိမ်ပြန်လွတ်ပေးလိုက်တယ်” ဟု ပြောသည်။

မောရဝတီ ရေတပ်စခန်းဌာနချုပ်ကို ဒီဇင်ဘာလ ၁၅ ရက်နေ့၊ နံနက် ၈ နာရီအချိန်ခန့်က ဒရုန်းဖြင့် ဗုံးသီး ၄ လုံးချ တိုက်ခိုက်ခံရခြင်း ဖြစ်သည်။

ရေတပ်စခန်းဌာနချုပ်ဘက်ကလည်း လက်နက်ကြီးဖြင့် ပြန်လည်ပစ်ခတ်ခဲ့၍ အိန္ဒရာဇာကျေးရွာအုပ်စု ဆင်ကူး ကျေးရွာရှိ ဥယျာဥ်ခြံတစ်ခုအတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီး လူထိခိုက်မှုမရှိကြောင်း ရွာသားများက ပြော သည်။

မောရတီ ရေတပ်ဌာနချုပ်အား ဒရုန်းနှင့် ဗုံးသီးချတိုက် ခိုက်ခံရပြီးနောက် အုန်းပင်ကွင်းလမ်း၊ ပြင်ကြီးရွာလမ်း နှင့် ကလိန်အောင်ဘက်မှ ကံပေါက်ကို ဝင်သည့်လမ်းတို့ကို ကင်းပုန်းဝပ်ကာ စစ်ဆေးမှုများ တင်းကျပ်စွာ ပြုလုပ်ခဲ့ကြောင်း ရွာသားများက ပြောသည်။

သို့သော် ကင်းပုန်းဝပ် လမ်းပိတ်ဆို့ထားမှုကို ဒီဇင်ဘာလ ၁၅ ရက်နေ့၊ ညနေပိုင်း ၅ နာရီ အချိန်ခန့်တွင် လမ်းများ ပြန်ဖွင့်ပေးခဲ့သည်ဟုလည်း ဆိုသည်။