ထားဝယ်အနီး စစ်ဆေးရေးဂိတ်တိုက်ခိုက်ခံရမှု စစ်ကောင်စီတပ်ဖွဲ့ဝင် နှစ်ဦး သေဆုံး

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၂၃ ရက်။

စစ်ကောင်စီ စစ်ဆေးရေးဂိတ်ကို အလစ်အငိုက်ဝင်ရောက် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် နှစ်ဦး သေဆုံးခဲ့ကြောင်း Guerilla Revolutionary Force -DGRF တပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ထားဝယ်မြို့နယ် မောင်မယ်ရှောင်ကျေးရွာအနီးရှိ ဘုရားမဲစစ်ဆေးရေးဂိတ်ကို တော်လှန်ရေးပူးပေါင်းတပ်များက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ဒီဇင်ဘာလ ၁၈ ရက် မွန်းလွဲ ၁ နာရီခန့်က အလစ်အငိုက် ဝင်ရောက် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

မောင်မယ်ရှောင် ရွာသားတစ်ဦးက “အဲ့ဒီစစ်ဆေးရေးဂိတ်ကို မကြာခဏဆိုသလို တော်လှန် ရေးတပ်တွေက အလစ်အငိုက် တိုက်ခိုက်ခဲ့ကြတယ်။ အခုလည်း မျက်စိရှေ့မှာတင် နှစ်ယောက်သေနေတာ တွေ့ရတယ်” ဟု ပြောသည်။

ပစ်ခတ်တိုက်ခိုက်မှုကို Dawei Guerilla Revolutionary Force -DGRF တပ်ခွဲ (၂) နှင့် ဥသြစစ်ကြောင်းတို့ မှ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း DGRFတာဝန် ရှိသူက ဆိုသည်။

မကြာခဏ ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် ရွာသားများမှာ နေထိုင်မရဲတော့ဘဲ နီးစပ်ရာဆွေမျိုးများထံသို့ သွားရောက် ပြောင်းရွှေ့ နေထိုင်နေကြရပြီး စစ်ကောင်စီနှင့် ထိတွေ့နေသူအချို့သာ ကျန်ရှိနေကြကြောင်း ဒေသခံ များက ပြောသည်။

တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် နှစ်ဦးသေဆုံးခဲ့ပြီး အများအပြား ထိခိုက်ဒဏ်ရာများရရှိကြောင်းသိရ ပြီး တော်လှန်ရေးတပ်ဖွဲ့ဝင်များဘက်မှ နှစ်ဦး လက်နက်ကြီး ထိမှန်ဒဏ်ရာရရှိခဲ့သော်လည်း ဆေးအဖွဲ့၏ အချိန်မှီ ကုသမှုကြောင့် စိုးရိမ်စရာ အခြေအနေ မရှိတော့ဘူးဟု တာဝန်ရှိသူက ပြောသည်။

နိုဝင်ဘာလ နှင့် ဒီဇင်ဘာလ အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များ နှင့် ထိတွေ့တိုက်ပွဲများ မကြာခဏ ဖြစ်ပွားခဲ့ သဖြင့် ခဲယမ်းလိုအပ်ချက်များ ဖြစ်ပေါ်လျက်ရှိပြီး ပြည်သူလူထုအနေဖြင့် ထောက်ပံ့ ကူညီပေးကြပါရန် DGRF တပ်ဖွဲ့မှ မေတ္တာရပ်ခံ တောင်းဆိုထားသည်။