ဆင်ရိုင်းနင်းသဖြင့် အမျိုးသားတစ်ဦး ဒဏ်ရာရ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၂၇ ရက်။
ဘုတ်ပြင်းမြို့နယ်၊ ချောင်းမွန်ငါးကျေးရွာက ဆီအုန်းခြံတစ်ခုတွင် အမျိုးသားတစ်ဦး ဆင်နင်းခံရပြီး ခန္ဓာကိုယ် အောက်ပိုင်း ပြင်းထန်ဒဏ်ရာများ ရရှိခဲ့သည်ဟု ရွာသားများက ပြောသည်။
ဆင်နင်းခံရသူအား လက်ရှိတွင် ရွာသားများက ဝိုင်းဝန်းကူညီကာ စောင့်ရှောက်ထားကြရပြီး အကူအညီများ လိုအပ်နေ သည်ဟု ရွာသားများက ဆိုသည်။
ပရဟိတအဖွဲ့ တာဝန်ရှိသူ တစ်ဦးက “လူနာအခြေအနေက တိုးတက်မှုမျိုး မတွေ့ရဘူး။ အောက်တပိုင်းလုံးက လုံးဝကို လှုပ်လို့မရတော့ဘူး။ ဘိတ်တို့ ရန်ကုန်တို့ ဘက်ကို အမြန်ဆုံး သွားကုသရမယ့် အခြေအနေ ဖြစ်နေ တယ်” ဟု ပြောသည်။
ဆင်နင်းခံရသူမှာ ကိုကျော်လွင် ၃၈ နှစ်ဆိုသူ ဖြစ်ပြီး ဒီဇင်ဘာလ ၂၂ ရက်နေ့၊ နံနက် ၆ နာရီခွဲ အချိန်ခန့်က ဖြစ်ပွား ခဲ့ခြင်း ဖြစ်သည်။ ကိုကျော်လွင်မှာ တစ်ကိုယ်တည်းနေထိုင်သူ ဖြစ်ရာ လက်ရှိတွင် အကူအညီများ လိုအပ်သည်။
ဆင်နင်းခံရသည့် လူနာကို ဘုတ်ပြင်းအခြေစိုက် ဇမ္ဗူမေတ္တာကျန်းမာရေး ကူညီမှုအသင်းက အခင်းဖြစ်ပွားခဲ့ သည့်နေ့ နံနက် ၁၀ နာရီခန့်မှာပင် ဘုတ်ပြင်းမြို့၊ ပြည်သူ့ဆေးရုံဆီသို့ ပို့ဆောင်ပေးခဲ့ပြီး ဆေးကုသမှုခံယူစေခဲ့ ကြောင်း ပရဟိတအဖွဲ့ တာဝန်ရှိသူက ပြောသည်။
လွန်ခဲ့သည့် ငါးလခန့်ကလည်း ဘုတ်ပြင်းမြို့နယ်၊ ဝါးချောင်းကျေးရွာက ရွာသားတစ်ဦးကို တောဆင်ရိုင်းအနင်း ခံရပြီး အသက်ဆုံးရှုံးခဲ့ဖူးသည်။
ဘုတ်ပြင်းမြို့နယ်အတွင်းရှိ ချောင်းမွန်၊ ဝါးဒင်း၊ ဝါးချောင်း စသည့် ကျေးရွာများတွင် တောဆင်ရိုင်းအုပ်များ မကြာခဏ တွေ့ရလေ့ရှိပြီး နေအိမ်နှင့် စိုက်ခင်းများကို ဖျက်ဆီးခြင်းများအပြင် လူများကို အသက်သေဆုံးသည် အထိ အန္တရာယ်ပြုလေ့ရှိခဲ့ကြောင်း ရွာသားများက ပြောသည်။
ကော့သောင်းမြို့နယ် အတွင်းရှိ အော်ကြီးကျေးရွာဘက်တွင်လည်း ဆင်ရိုင်းအုပ်များ တွေ့ရလေ့ရှိပြီး၊ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလကလည်း တဲအိမ်များနှင့် သီးနှံစိုက်ခင်းများကို အုပ်စုလိုက် ဝင်ရောက်ဖျက်ဆီးခဲ့သည့် ဖြစ်စဉ်များ ရှိခဲ့ဖူးကြောင်း ဒေသခံများက ပြောသည်။