နယ်မြေအတွင်း တန်းတူညီမျှ စနစ်ဖြင့် အခွန်ကောက်လျက်ရှိသည်ဟု PNLO ပြော

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၃၀ ရက်။

ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ်/ တပ်မတော် (PNLO/ PNLA)က ၎င်းတို့ ထိန်းချုပ်နယ်မြေထဲ တန်းတူ ညီမျှရေးစနစ်နှင့် အခွန်ကောက်ခံနေသည်ဟု အဖွဲ့တာဝန် ရှိသူများက ပြောသည်။

PNLO ထိန်းချုပ်နယ်မြေ ဖြစ်သည့် ဆီဆိုင်မြို့နယ်ထဲက ကျေးရွာများနှင့် မောက်မယ်မြို့နယ်၊ ကတူးကြီးဒေသထဲ ရှိ မော်တော်ကားရှိသည့် အိမ်များကို ဒီဇင်ဘာလ နောက်ဆုံးအပတ်ကစပြီး အခွန်ကောက်ခံ နေခြင်း ဖြစ်သည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ PNLO ဗိုလ်မှူးကြီး ခွန်အာဠာရ က “အခွန်ကောက်တာတော့ အကုန်ကောက်တာပဲ။ ဥပမာ ကားတွေ ဘာတွေ ဆိုရင် ကျနော်တို့ ဥက္ကဋ္ဌ ကိုယ်တိုင်က အခွန်ဆောင်ရတယ်။ ကျနော်တို့ကလည်း ဒေ သန္တရ ဌာနကြီးအနေနဲ့ ဒီမှာ သုံးပေးနေတဲ့ ကား ၂ စီး၊ ၃ စီး ရှိ တယ်။ အကုန်လုံး ကျနော်တို့ ဆောင်ရတာပဲ။ အကုန်လုံး အတူတူပဲ။ ကျနော်တို့ အတွင်းရေးမှူးလည်း မလွတ် ဘူး။ စစ်ရှောင်ရုံးက ကားလည်း ပေးဆောင်ရ တယ်။ ဒါကျနော်တို့ အမျိုးသားရေးအတွက် ရံပုံငွေ ရရှိနိုင်အောင်၊ ရပ်တည်နိုင်အောင် အခွန်ခ ကောက်တာ” ဟု ပြောသည်။

အခွန်နှုန်းထားများ အနေဖြင့် ကားကြီး တစ်စီးကို ကျပ်နှစ်သိန်းနှင့် အိမ်စီးကား၊ ထော်လဂျီ၊ ၃ ဘီး စသည့် ယာဉ် များကိုမူ အမျိုးအစားလိုက် ကျပ်တစ်သိန်းမှ တစ်သိန်းခွဲအထိ ကောက်ခံနေခြင်း ဖြစ်သည်။ သို့သော် အဆိုပါ အခွန်ကောက်ခံမှုထဲ၌ ဆိုင်ကယ်များ မပါသေးဘူးဟု ဆိုသည်။

အဆိုပါ အခွန်ငွေများကို တစ်လုံးတည်း တစ်ခဲတည်း ဆောင်ရမှာ ဖြစ်ပြီး ငွေကြေး မပြေလည်သည့် သူများ အတွက် အရစ်ကျ ခွဲဆောင်ခြင်းနှင့် ကင်းလွှတ်ခွင့် မရှိသေးဘူးဟု ဗိုလ်မှူးကြီး ခွန်အာဠာရက ဆက် ပြောသည်။

“(အခွန်ကင်းလွတ်ခွင့် မပေးပေမယ့် တခြားအပိုင်း ကူညီပေးတာတွေ) ရှိပါတယ်။ ကျနော်တို့ ပြန်လည် ထောက်ပံ့ပေးတာ။ ကူညီပေးတာ အဲလိုမျိုးတွေပေါ့။ ဥပမာ စစ်ရှောင်လည်း ကျနော်တို့ ထောက်ပံ့သလို ကျေး ရွာတွေထဲမှာ မပြည့်စုံတဲ့ သူတွေကို ကျနော်တို့ သွားပြီးတော့ ထောက်ပံ့ပေးတာမျိုး၊ အဲလိုမျိုးတွေ ရှိတယ် လေ။”

PNLO ထိန်းချုပ် နယ်မြေအတွင်း မူးယစ်ဆေးဝါးနှင့် လောင်းကစားဝိုင်းများကို ခွင့်ပြုထားခြင်း မရှိသောကြောင့် အခွန်အခ အနေဖြင့် ပြည်သူများကိုသာ အားကိုးနေရပြီး ရဲဘော်များ အနေနှင့်လည်း ရပ်တည်ရေးအတွက် စိုက် ပျိုး၊ မွေးမြူရေး လုပ်ငန်းများကိုသာ လုပ်ကိုင်နေကြရသည်ဟု ဆိုသည်။

ယခင်ကတည်းက အခွန်နှုန်းထားမျးကို ၆ လတစ်ကြိမ် နှစ်စဉ် ကောက်ခံခဲ့ကြပေမယ့် စစ်အာဏာသိမ်းပြီး နောက်ပိုင်း ပြည်သူလူထု၏ ကြပ်တည်းလာမှုများကြောင့် PNLO က ၂ နှစ်ကျော် ဆိုင်းငံ့ပေးထားခဲ့ခြင်း ဖြစ်သည် ဟု တာဝန်ရှိသူက ပြောသည်။

ယခုကဲ့သို့ အခွန်ကောက်ခံနေခြင်းနှင့် ပတ်သက်၍ ဒေသခံများကို ဆက်သွယ်မေးမြန်းခဲ့သော်လည်း အဆိုပါ ကိစ္စနှင့် ပတ်သက်၍ ဖြေဆိုမည့်သူ မရှိခဲ့ပေ။