တနိုင်း မြို့နယ်အတွင်း စစ်ရှောင်များ အကူအညီလိုအပ်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၄ ခုနှစ်၊ ဇန္နဝါရီလ ၁၄ ရက်။

ကချင်ပြည်နယ်၊ ရှင်ဗွေယန်မြို့သို့ ရောက်ရှိလာသည့် စစ်ရှောင်များအတွက် နေရာထိုင်ခင်းနှင့် အရေးပေါ် အကူ အညီများ လိုအပ်နေသည်ဟု ဒေသခံများက ပြောသည်။

တနိုင်းမြို့နယ်အတွင်းက တလူးကျေးရွာအနီးတွင် စစ်ကောင်စီတပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့အကြား တိုက်ပွဲဖြစ်ပွားပြီးနောက် ရှင်ဗွေယန်မြို့သို့ ပြည်သူအချို့ စစ်ဘေးရှောင်လာကြောင်း ရှင်ဗွေယန် ဒေသခံတစ်ဦးက ပြောသည်။

“တလူးက လူ ၅၀၀ လောက်ထွက်လာခဲ့ကြတယ်။ နှစ်စီး သုံးစီး (စက်လှေ) အကြိုလွှတ်တာနဲ့ ထွက်လာကြ တယ်။ တနိုင်းဘက် ကားလေးတွေနဲ့ ဆက်ထွက်ကြတယ်။ တချို့က ရှင်ဗွေယန်မှာ စစ်ရှောင်နေကြတယ်။ အယောက် ၇၀ ဝန်းကျင်လောက် ရှိမယ်လို့ ကြားတယ်” ဟု ပြောသည်။

ရှင်ဗွေယန်မြို့တွင် စစ်ရှောင်စခန်း ဖွင့်ထားခြင်း မရှိသောကြောင့် အချို့မှာ အိမ်ငှားကာ နေထိုင်ကြပြီး၊ အချို့ မှာမူ မြေကွက် အလွတ်များ၌ တဲထိုးနေထိုင်နေကြရကြောင်း ရှင်ဗွေယန်ဒေသခံများက ပြောသည်။

စစ်ရှောင်များနှင့် နီးစပ်သူ ရှင်ဗွေယန်ဒေသခံ တစ်ဦးက “စစ်ရှောင်စခန်းက မဖွင့်ထားဘူး။ အိမ်ငှားနေကြတယ်။ မြေလွတ်တဲ့နေရာတွေမှာလည်း တဲထိုးနေတာလည်း ရှိတယ်။ နေစရာရော၊ ရိက္ခာရော အကုန်လိုအပ်တယ်လို့ ပြောလို့ရတယ်” ဟု ပြောသည်။

တလူးကျေးရွာအနီးတွင် ၂၀၂၃ ခုနှစ် နိုဝင်ဘာလနှင့် ဒီဇင်ဘာလအတွင်း စစ်ကောင်စီတပ်နှင့် ကချင်လွတ်လပ် ရေး တပ်မတော် KIA တို့အကြား တိုက်ပွဲများ ဖြစ်ပွားခဲ့သည့်အပြင် စစ်တပ်ဘက်က လေယာဉ်ဖြင့်လည်း ဗုံးကြဲ တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်ဟု ဒေသခံများက ပြောသည်။

တိုက်ပွဲဖြစ်ပြီးသည့်နောက် တလူးကျေးရွာအား KIA ဘက်မှ အသွားအလာ ပိတ်ထားပြီး နှစ်လကျော် အကြာ ယခုနှစ်ဆန်းပိုင်းတွင် လမ်းပိုင်းများကို ပြန်ဖွင့်ပေးခဲ့သည်ဟု တလူးဒေသခံအချို့က ပြောသည်။

တလူးဒေသခံတစ်ဦးက “တလူးရွာကို သွားရင် စစ်ကောင်စီဂိတ်စခန်း တစ်ခုရှိတယ်။ အဲ့ကနေ ချောင်းအတိုင်း တစ်နာရီခွဲလောက် စက်လှေနဲ့ မောင်းလာရင် နာဂဂိတ်နဲ့ KIA ဂိတ်ရှိတယ်။ ကချင်ဂိတ်စခန်း နောက်မှ တလူးကို ရောက်တာပါ။ ကြားထဲက နှစ်ဂိတ်က စက်လှေ တစ်စင်းမှ ပေးမသွားဘူး။ အခုဆို ၂ လလောက်ရှိ လာပြီ ပိတ် ထားတာ” ဟု ပြောသည်။

တလူးကျေးရွာအနီးတွင် စစ်ကောင်စီတပ်နှင့် KIA တို့အကြား ၂၀၂၃ ခုနှစ် နိုဝင်ဘာထဲတွင် နှစ်ကြိမ်၊ ဒီဇင်ဘာလ ထဲတွသ် တစ်ကြိမ် တိုက်ပွဲဖြစ်ပွားခဲ့ပြီး ယနေ့အချိန်ထိလည်း နှစ်ဖက်ကြား စစ်ရေးတင်းမာနေဆဲ ဖြစ်သည်ဟု ဒေသခံများက ပြောသည်။

တလူကျေးရွာသည် တနိုင်းချောင်းကမ်းနံဘေးတွင် တည်ရှိပြီး ရွှေမှော်ပေါများပြီး လမ်းပန်းဆက်သွယ်ရေး အနေ ဖြင့် တနိုင်းချောင်း ရေကြောင်းလမ်း တစ်ခုသာပေါက်ပြီး ဖုန်းလိုင်းများ မရသည့် ဒေသတစ်ခုလည်း ဖြစ်သည်။