ထားသရက်ချောင်းတွင် စစ်ကောင်စီတပ်မှ နေအိမ် ၇ ဆောင်ကို မီးရှို့ဖျက်ဆီး။

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၄ ခုနှစ်၊ ဇန္နဝါရီလ ၂၁ ရက်။

သရက်ချောင်းမြို့နယ်၊ ဥတ္တူကျေးရွာတွင် စစ်ကောင်စီတပ်မှ နှစ်ရက်အတွင်း နေအိမ် ၇ ဆောင်ကို မီးရှို့ဖျက်ဆီးခဲ့သည်ဟု ရွာသားများက ပြောသည်။

ဥတ္တူကျေးရွာထဲက နေအိမ်များကို စစ်ကောင်စီစစ်ကြောင်းက နှစ်ရက်ဆက်တိုက် ဝင်ရောက်မီးရှို့ခဲ့ခြင်း ဖြစ်သည်။

အသက် ၅၀ နှစ်အရွယ် ရွာသားတစ်ဦးက “ရွာထဲကို စစ်ကြောင်းဝင်လာတော့ ရွာသားတွေထွက် ပြေးနေကြ တာ။ မီးရှို့ခံရတဲ့ အိမ်တွေ ထဲမှာ ၃ ဆောင်ကတော့ အကုန်လုံးလောင်သွားတယ်။ ကျန်အိမ်တွေကတော့ တချို့ တဝက် လောက်ပဲ လောင်တယ်” ဟု ပြောသည်။

အင်အား ၅၀ ခန့်ပါဝင်သည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များက သရက်ချောင်းမြို့ဘက်မှ ဥတ္တူကျေးရွာထဲသို့ ခြေလျင် ဝင်ရောက်လာပြီး ရွာအရှေ့ပိုင်းရှိ နေအိမ်နှစ်ဆောင်ကို ဇန္နဝါရီလ ၁၈ ရက်နေ့၊ ညနေပိုင်းတွင် မီးရှို့ ဖျက်ဆီးခဲ့ခြင်း ဖြစ်သည်။

ထို့အပြင် ရွာအလယ်ပိုင်းနှင့် ရွာတောင်ပိုင်းတို့မှ နေအိမ် ၅ ဆောင်ကိုလည်း ဇန္နဝါရီလ ၁၉ ရက်နေ့ နံနက် ၇ နာရီအချိန်ခန့်တွင် ထပ်မံ၍ မီးရှို့ခဲ့သေးသည်ဟု ရွာသားများက ပြောသည်။

နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့သည့် စစ်ကောင်စီတပ်ဖွဲ့ဝင်က ကျေးရွာထဲမှ အမျိုးသား၊ အမျိုးသမီး ၁၀ ဦးကျော်ခန့်ကိုပါ ဖမ်းဆီးပြီး စစ်ဆေးမေးမြန်းခြင်းများ လုပ်ဆောင်ခဲ့ကြသည်ဟု ဆိုသည်။

ထို့နောက် ဇန္နဝါရီလ ၁၉ ရက်နေ့၊ ညနေပိုင်း စစ်ကြောင်းပြန်ထွက်ချိန်တွင် ဖမ်းဆီးထားသူ အများစုကို ပြန်လွှတ် ပေးခဲ့သော်လည်း အမျိုးသား ၃ ဦးကိုမူ ပြန်လွှတ်ပေးခြင်းမရှိဘဲ ပန်းပြင်ကျေးရွာဘက်သို့ ဖမ်းဆီးခေါ်ဆောင် သွားကြောင်း ရွာသားများက ပြောသည်။

ဥတ္တူကျေးရွာတွင် မီးရှို့ဖျက်ဆီးခဲ့သည့် စစ်ကောင်စီတပ်ဖွဲ့မှာ လောင်းလုံးမြို့နယ်အတွင်း သုံးပတ်နီးပါးအကြာ စစ်ကြောင်းထိုးခဲ့ပြီးနောက် ဇန္နဝါရီလ ၁၃ ရက်နေ့တွင် သရက်ချောင်းမြို့နယ်ထဲသို့ စက်လှေသုံးစီးနှင့် ဝင်ရောက်လာခြင်းဖြစ်သည်ဟု ဒေသခံများက ပြောသည်။

လောင်းလုံးမြို့နယ်အတွင်း စစ်ကြောင်းထိုးစဥ်ကလည်း ကျေးရွာ ၈ ရွာမှ လူနေအိမ် ၁၃ဝ ကျော်ကို စစ်ကောင်စီ တပ်ဖွဲ့က မီးရှို့ဖျက်ဆီးခဲ့ပြီး ရွာသား ၃ ဦးကိုလည်းသတ်ဖြတ်ခဲ့သေးသည်။