စစ်ကောင်စီ စစ်ဆေးရေးဂိတ်အနီး နေထိုင်သူ အမျိုးသမီး ကျည်ထိမှန်သေဆုံး
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၄ ခုနှစ်၊ ဇန္နဝါရီလ ၂၁ ရက်။
တနင်္သာရီမြို့နယ် ညောင်ပင်ကွင်းကျေးရွာ၊ အနောက်ကမ်းတံတားအနီး စစ်ကောင်စီ စစ်ရေးဂိတ် အနီး ဖြစ်ပွား ခဲ့သည့် တိုက်ပွဲတွင် အမျိုးသမီးတစ်ဦး သေနတ်ကျည်ထိမှန်ပြီး သေဆုံးသွားခဲ့သည်ဟု ရွာသားများက ပြော သည်။
ကျည်ထိမှန် သေဆုံးသွားသူမှာ ညောင်ပင်ကွင်ကျေးးရွာ၊ အနောက်ကမ်းမှ စစ်ကောင်စီ၏ ခြေမြန်တပ်ရင်း- ၅၆၁ အရှေ့ရှိ တံတားစစ်ဆေးရေးဂိတ်အနီးတွင် နေထိုင်သူ ဒေါ်အေးအေးမာ ဆိုသူ ဖြစ်သည်။
အသက် ၅၀ခန့်အရွယ် ရွာသားတစ်ဦးက “သေနတ်သံတွေကြောင့် သူ့မြေးကိုထဆွဲရင်း နောက်ကျောကုန်းမှာ သေနတ်ကျည်ထိပြီး ပွဲချင်းပြီးဆုံးသွားတာ။ ဘယ်ဘက်ကျောကနေ ညာဘက်ဘေးကို ဖေါက်ထွက်သွားတာ” ဟု ပြောသည်။
ဇန္နဝါရီလ ၁၉ ရက်နေ့၊ ညနေ ၃ နာရီအချိန်ခန့်တွင် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်များ ထိတွေ့ ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး တံတားအနီးနေထိုင်သူ အသက် ၆၀ နှစ်အရွယ် ဒေါ်အေးအေး ကျည်ထိမှန်ခဲ့ခြင်း ဖြစ် သည်။
ညောင်ပင်ကွင်းကျေးရွာ အုပ်စုတွင် ဇန္နဝါရီလ ၁၉ ရက်နေ့မှ စတင်၍ ဆက်သွယ်ရေးလိုင်းများ ပြတ်တောက်နေ ပြီး ဇန္နဝါရီလ ၂၁ ရက်နေ့ ညနေပိုင်းမှသာ MPT ဖုန်းလိုင်းပြန်ရကြောင်း ရွာသားများက ပြောသည်။
ဇန္နဝါရီလ ၁၅ ရက်နေ့က စ၍ ညောင်ပင်ကွင်းကျေးရွာ တစ်ဝိုက်တွင် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေး တပ်များအကြား နှစ်ဘက်ပစ်ခတ်မှုများ ဖြစ်ပွားနေပြီး စစ်ရေးတင်းမာနေကာ ရွာသားများ တိမ်းရှောင်နေကြရ သည်ဟု ပြောသည်။
ညောင်ပင်ကွင်းကျေးရွာအုပ်စုမှာ တိုက်ပွဲဖြစ်ပွားခဲ့သည့် ဇန်နဝါရီလ ၁၅ ရက်နေ့မှစ၍ ယနေ့အချိန်ထိ စစ်ကောင် စီတပ်ဘက်မှ ပစ်ခတ်သည့် လက်နက်ကြီးကျည်စ ထိမှန်ပြီး ရွာသား ၂ ဦး ထိမှန်ဒဏ်ရာရခဲ့သည့်အပြင် နေအိမ် ၃ ဆောင်လည်း ထိမှန်ပျက်စီးခဲ့သေးသည်။