စစ်ကောင်စီ လက်နက်ကြီးကြောင့် ကလေးအပါအဝင် အရပ်သား ၄ ဦးသေဆုံး

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၄ ခုနှစ်၊ ဇန္နဝါရီလ ၃၁ ရက်။

ကချင်ပြည်နယ် မိုးညှင်းတွင် လက်နက်ကြီးထိမှန်ပြီး ၃ ရက်အတွင်း ကလေးငယ်အပါအဝင် အရပ်သား ၄ ဦးသေဆုံးကာ၊ ၆ ဦး ဒဏ်ရာရရှိခဲ့သည်။

ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်တွင် စစ်ကောင်စီတပ်က ပစ်ခတ်ခဲ့သည့် လက်နက်ကြီးကျည် ထိမှန်ပြီး ကလေး ငယ်တစ်ဦး အပါအဝင် အရပ်သား ၃ ဦး သေခဲ့ပြီး ၆ ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း မိုးညှင်း KPDF အဖွဲ့ တာဝန်ရှိ သူက အတည်ပြုပြောသည်။

မိုးညှင်း KPDF အဖွဲ့ တာဝန်ရှိသူက “ဟုတ်ပါတယ် သေဆုံးသူ စုစုပေါင်း ၃ယောက်နဲ့ ဒဏ်ရာရသူ စုစုပေါင်း ၆ ယောက်ပါ။ တိုက်ပွဲလို့ ပြောလို့မရပေမယ့် စစ်ကောင်စီဘက်က အရပ်သားတွေနေတဲ့ ရွာတွေထဲကို စစ်ကြောင်း ထိုးတာပါ။ စစ်ကြောင်းထိုးတဲ့အခါ အနောက်ကနေ လက်နက်ကြီးပစ်ကူနဲ့ ပစ်တဲ့အတွက် အရပ်သားတွေကို ထိ မှန်တာပါ” ဟု ပြောသည်။

ဇန္နဝါရီလ ၂၇ ရက်နေ့တွင် စစ်ကောင်စီတပ်က ပစ်လိုက်သည့် လက်နက်ကြီးထိမှန်ပြီး မိုးညှင်းမြို့နယ် ညောင် လေးပင်ကျေးရွာမှ အသက် ၅ နှစ်အရွယ် ကလေးငယ်တစ်ဦး၊ အမျိုးသမီးတစ်ဦး နှင့် တော်အင်းကသဲကုန်း ကျေးရွာမှ အမျိုးသားတစ်ဦးတို့ သေဆုံးသွားသည်။

ထို့နောက် ဇန္နဝါရီလ ၂၉ ရက်နေ့တွင်လည်း အသက် ၅၉ နှစ်အရွယ် နန့်စော်လော်ရွာသား ဦးထွန်းရွှေ ဆိုသူ လက်နက်ကြီးကျည် ထိမှန်သေဆုံးသွားသည်ဟု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူများက ပြောသည်။

ဒေသတွင်းရှိ PDF အဖွဲ့ တာဝန်ရှိသူက “ဒီနေ့ထိမှန်တဲ့သူက နန့်စော်လော်ရွာသား သူက ညောင်ပင်သာရွာထိပ်ကို ရောက်နေချိန် ဆိုင်ကယ်ရော ထိမှန်ပြီး သေတာ။ နောက်တစ်ယောက်က ပေါင်မှာ ဒဏ်ရာရတာပါ။ ၂၇ ရက်နေ့ က အရပ်သား ၅ ယောက် ထိခိုက်ဒဏ်ရာရ ပါတယ်” ဟု ပြောသည်။

မိုးညှင်းမြို့နယ်တွင် လတ်တလောအချိန်၌ တိုက်ပွဲဖြစ်ပြီးခြင်း မရှိသော်လည်း မိုးညှင်းမြို့ စစ်ကောင်စီတပ် ၃၆၇ အမြောက်တပ်မှ ရမ်းသမ်းပစ်ခတ်နေခြင်း ဖြစ်ကြောင်း မိုးညှင်း KPDF အဖွဲ့မှ တာဝန်ရှိသူများက ပြောသည်။

မိုးညှင်းမြို့နယ်တွင် ၂၀၂၃ ဒီဇင်ဘာလ၌လည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များ တပ်စွဲထားသည့် မိုးညှင်းတက္ကသိုလ် နှင့် ထန်းတပင်ကျေးရွာ လမ်းဆုံတွင် စစ်တပ်က ထောင်ထားသည့် မိုင်းပေါက်ကွဲပြီး ကလေးငယ် ၂ ဦးနှင့် အမျိုး သမီး ၁ ဦးတို့ ထိခိုက်ဒဏ်ရာရရှိခဲ့သေးသည်။

ထို့နောက် မိုးညှင်းမြို့နယ်ရှိ ပြည်သူများ အနေဖြင့် စစ်ကောင်စီတပ်နှင့် ဆက်စပ်သည့် နေရာမျိုးတွင် နေထိုင်ခြင်း နှင့် တိုက်ပွဲဖြစ်ပွားခဲ့ဖူးသည့် နေရာများတွင် နေထိုင်ခြင်းတို့ မလုပ်ကြရန် KPDF အဖွဲ့မှ သတိပေး ထုတ်ပြန် ထား သည်။