လွိုင်ကော်သို့ ပစ္စည်းပြန်ယူသည့် စစ်ရှောင်များ KNDF ကို အကြောင်းကြားရန် လိုအပ်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၄ ခုနှစ်၊ ဇန္နဝါရီလ ၃၁ ရက်။

တိုက်ပွဲများ ဆက်လက် ဖြစ် ပွားနေဆဲမို့ ကရင်နီပြည်၊ လွိုင်ကော်မြို့ထဲ ပစ္စည်းလာပြန်ဝင်ယူသည့် စစ်ရှောင်များအနေဖြင့် ဒေသတွင်းရှိ ကာကွယ်ရေးတပ်ဖွဲ့များကို အကြောင်းကြားပြီးမှ လာယူကြရန် KNDF ဒု-စစ်ဦးစီးချုပ် က အသိပေးပြောဆိုလိုက်သည်။

ပစ္စည်း ပြန်ဝင်ယူလိုသည့် ပြည်သူများအနေဖြင့် ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် KNDF ကို ဆက် သွယ်ပြီးမှသာ ဝင်ယူခွင့်ရှိသည်ဟု ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် KNDF ဒု-စစ်ဦးစီးချုပ်မာဝီ က ပြောသည်။

လွိုင်ကော်မြို့ထဲကို ပစ္စည်းပြန်ဝင်သယ်ယူနေကြသူများ ရှိနေသလို လုံခြုံရေးကြောင့် ပြန်ဝင်မသယ်နိုင်သေး သော နေရာများလည်းရှိသည်ဟု လွိုင်ကော်ဒေသခံ စစ်ဘေးရှောင်တစ်ဦးက ပြောသည်။

“သူများတွေ မြို့ထဲကဟာဆို အကုန်လုံးပစ္စည်း ပြန်သယ်လို့တောင်မှ ဘယ်နှစ်ခါပြန်တောင်မှ သူများ ပြန်သယ် ပြီလဲ အစ်မတို့ကကံဆိုးတယ်ပေါ့။ အစ်မတို့ အမေအိမ်ဘက်လည်း ပြန်လို့မရဘူး။ ယောက္ခမ အိမ်ဘက်လည်း ပြန်လို့မရဘူး ပစ္စည်းကတစ်နေရာမှ ပြန်ယူလို့မရဘူး။ အဲ့လိုမျိုးဖြစ်နေတာ နောင်ယား(ခ)၊ နောင်ယားကန် ဘက်ဆိုလည်း ဝင်လို့မရဘူးလေ။”

လွိုင်ကော်မြို့က နေရာအချို့ကို ကရင်နီတပ်ပေါင်းစုများက ပြန်လည်နေရာယူ စိုးမိုးထားပြီဖြစ်သည့်အတွက် လွိုင်ကော်ဒေသခံများ အနေဖြင့် ပစ္စည်းများကို ပြန်ယူချင်ပါက KNDF ဆီက ခွင့်ပြုချက်တောင်းခံပြီး ပြန်ယူနိုင် သည်ဟု ဆိုသည်။

လုံခြုံရေးကို မထိခိုက်စေသည့် အရာမှန်သမျှကို တရားနည်းလမ်းကျ လုပ်ဆောင်ပေးမည်ဟု ဇန္နဝါရီလ တတိယ အပတ်ထဲ၌ ဒု-စစ်ဦးစီးချုပ် မာဝီက ၎င်း၏လူမှုကွန်ယက်စာမျက်နှာ Facebook တွင် အသိပေး ပြောဆိုထားခြင်း ဖြစ်သည်။

၁၁၁၁ စစ်ဆင်ရေးအတွင်း လွိုင်ကော်မြို့ထဲက ပြည်သူလူထုများ၏ နေအိမ်အများအပြားမှာ စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီး ပစ်ခတ်မှုများကြောင့် ထိမှန်ပျက်စီးခဲ့ရပြီး ကျန်ရှိနေသေးသည့် နေ အိမ်များ မပျက်ဆီးမှီ ပစ္စည်းများ ပြန်လည်သယ်ယူနေကြသော သူများရှိနေသည့်အတွက် သတိပေးပြောဆို ရ ခြင်း ဖြစ်သည်ဟု KNDF ဒု- စစ်ဦးစီးချုပ်က ပြောသည်။

ထို့အပြင် စစ်ကောင်စီဘက်က မီးလောင်ဗုံးများ ပစ်ခတ်ခြင်း၊ မြင်ကွင်းမရှင်းသည့် နေရာများကို မီးရှို့ဖျက်ဆီး ခြင်းတို့ကြောင့် နေအိမ်များ မီးလောင်ပျက်စီးမှုရှိနေသည်ဟု ဆိုကြသည်။
လွိုင်ကော်မြို့မှ စစ်ရှောင်တစ်ဦးက “အဲ့ဘက်တကြော အကျဥ်းထောင်ဘေးနားက တကြောလုံး အကုန်လုံး ကတော့ လောင်သွားတယ်လို့တော့ ကြားတယ်။ သူတို့ဘက် (စစ်ကောင်စီ)က လိုက်ရှို့တယ်လို့ ပြောတယ်။ လာ ရှို့တယ်ဆိုတာတော့ သေချာတယ်။ အဲ့မှာကျန်ခဲ့တဲ့ သူလည်း သွားမကြည့်ရဲဘူး။ အဲ့လိုမျိုးလေ အကျဥ်းထောင် ထဲမှာ စနိုက်ပါရှိတယ် ပြောတယ်ရော။ အိမ်ကတော့ ဟိုးအစကတည်းက ပထမတစ်ခေါက် ဖြစ်ကတည်းက ပျက်ပြီးသားဆိုတော့ အခုရှိသေး တယ်လို့တော့ပြောတာပဲ။ ဒါပေမယ့် ဒီနေ့ရှိတယ်။ မနက်ဖြန်မှလည်း ရှိချင်မှလည်းရှိမှာပေါ့” ဟု ပြောသည်။

ပြီးခဲ့သည့် ၂ လအတွင်း လွိုင်ကော်မြို့ စစ်ရေးကိုသာ အဓိကကိုင်တွယ်ခဲ့ပြီး ဇန္နဝါရီလ ၂၀ ရက်နေ့က စတင်၍ ပြည်သူနှင့် တော်လှန်ရေးအတွက် အကျိုးရှိစေမည့် စီမံမှုမျိုးကို KNDF ဒု-စစ်ဦးစီးချုပ် ကိုယ်တိုင် ပါဝင်အား ဖြည့် ကူညီဆောင်ရွက်မည်ဟု ဆိုသည်။