လွတ်ငြိမ်းရထားသည့် အကျဉ်းသား ၁၄ ဦး ယနေ့အချိန်ထိ ပြန်မလွတ်သေး
သတင်းနှင့်မီဒီယာကွန်ရက်။
၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၄ ရက်။
ကရင်နီပြည် လွိုင်ကော်အကျဉ်းထောင်ထဲက လွတ်ငြိမ်းချမ်းသာခွင့် ရရှိထားသည့် အကျဉ်းသားများအား ယနေ့ အချိန်ထိ ပြန်မလွှတ်ပေးသေးဘူးဟု မိသားစုဝင်များက ပြောသည်။
လွတ်ငြိမ်းခွင့်ရထားသည့် အကျဉ်းသားများအား ပြန်လွှတ်ပေးရန် မိသားစုဝင်များက ညှိနှိုင်းတောင်းဆိုချက်အား အကျဉ်းဦးစီးဘက်က ငြင်းပယ်ခဲ့သည်။
ကရင်နီနိုင်ငံရေး အကျဉ်းသားများ အစည်းအရုံး KPPA က တာဝန်ရှိသူက “သူတို့အနေနဲ့ ပြန်လွတ်ပေးနိုင်မယ့် စစ်ရေး ငြိမ်သက်မှု မရှိသေးတဲ့အတွက်ကို ထိန်းသိမ်းထားတယ်လို့ ပြော လာတယ်ပေါ့နော်။ နှစ်ဖက် အဆင်ပြေ နိုင်မယ့် အခြေအနေကို စဉ်းစားပြီးတော့ ညှိနှိုင်းတယ်။ သို့ပေမယ့် အကျဉ်းဦးစီးဌာနကနေ ငြင်းပယ်ခဲ့တယ်ပေါ့ နော်။ ဘယ်အတိုင်းအတာထိ သူတို့တွေနဲ့ လိုက်ပို့လို့ရနိုင်မလဲ ဆိုတဲ့ ကိစ္စကို ညှိနှိုင်းခဲ့ပေမယ့် အဆင်မပြေခဲ့ဘူး” ဟု ပြောသည်။
လွိုင်ကော် အကျဉ်းထောင်ထဲက အကျဉ်းသား (၁၄) ဦး လွတ်ငြိမ်းချမ်းသာခွင့် ရရှိထားသော်လည်း ဖေဖော်ဝါရီ လ ၃ ရက်နေ့အထိ ပြန်မလွှတ်ပေးသေးဘူးဟု ဆိုကြသည်။
လွိုင်ကော် အကျဉ်းဦးစီးကနေ လွတ်ငြိမ်းခွင့်ရသည့် မိသားစုဝင်များကို ပြီးခဲ့တဲ့ အပတ် (ဇန္နဝါရီလ နောက်ဆုံး အပတ်ထဲ) ဆက်သွယ် အကြောင်းကြားခဲ့သည်ဟု မိသားစုဝင်များက ပြောသည်။
အဆိုပါ အကျဉ်းသားများမှာ ဇန္နဝါရီလ ၄ ရက်နေ့တုန်းက စစ်ကောင်စီ၏ လွတ်ငြိမ်းခွင့် ရရှိသည့်သူများဖြစ်ပြီး အရေး ကြီး ကုန်စည်နှင့် ဝန်ဆောင်မှု ဥပဒေပုဒ်မနှင့် တရားစွဲဆိုခံထားရသော သူများဖြစ်သည်ဟု KPPA ပြန်ကြားရေး တာဝန်ခံ ကိုထားဖိုးက ပြောသည်။
“ဇန္နဝါရီ ၄ ရက်တုန်းက လွိုင်ကော် အကျဉ်းထောင်ကနေ လွတ်ငြိမ်းချမ်းသာခွင့် ရတဲ့လူတွေ ရှိတယ်ဆိုတဲ့ သတင်းကို ရတယ်ပေါ့နော်။ အဲ့သတင်းကလည်း အတည်ပြုလို့ မရသေးတဲ့အတွက် ကျနော်တို့ စောင့်ကြည့် ခဲ့တယ်။ အဲ့ချိန်မှာ လွတ်ငြိမ်းချမ်းသာခွင့်ရတဲ့ မိသားစုဝင်တွေဆီကနေ သတင်းရခဲ့တာပေါ့။”
ယခု လွတ်ငြိမ်းခွင့်ရရှိထားသည့်သူ (၁၄) ဦးထဲ နိုင်ငံရေးအကျဉ်းသား တစ်ဦးမှ မပါဘူးဟု KPPA ပြန်ကြားရေး တာဝန်ခံ ကိုထားဖိုးက ပြောသည်။
KPPA အနေဖြင့် လက်ရှိတွင် လွတ်ငြိမ်းချမ်းသာခွင့်ရသည့် အကျဉ်းသား (၁၄) ဦး ပြန်လွတ်ပေးပြီး နေရပ်ပြန်နိုင် ရေး လုပ်ဆောင် ပေးနေပေသော်လည်း ယခုအချိန်ထိ အဆင်မပြေသေးဘူးဟု ဆိုသည်။
“သူတို့အတွက် နေရပ်ပြန်နိုင်ရေးက No fire zone ရှိရင် အဆင်ပြေပါတယ်။ ပထမတစ်ချက်က အကျဉ်း ဦးစီးကနေ သူတို့ကို လွတ်ပေးယုံပဲ၊ လွတ်ပေးလိုက်ပြီဆိုရင် သူတို့ရဲ့ မိသားစုက လာခေါ်ရုံပဲပေါ့ ဒီအခြေနေက ရိုးရှင်းတယ်ပေါ့။ သို့ပေမယ့် စစ်ရေးဖြစ်နေတဲ့အတွက် မယုံကြည်မှုတွေ တစ်ဖက်ကနေ ထင်ယောင်ထင်မှား ဖြစ်နေတဲ့ အတွေးအမြင်တွေကြောင့်မလို့ မလွတ်ပေးရဲတဲ့ အခြေအနေပေါ့နော်။ ပြည်သူတွေ သွားလာနိုင်မယ့် အခြေအနေကိုတော့ စီစဉ်ပေးနိုင်မယ်ဆိုရင် အကျဉ်းသားတွေရဲ့ နေရပ်ပြန်နိုင်ရေးကိစ္စ အဆင်ပြေသွားပါ လိမ့် မယ်ပေါ့နော်။”
ထိုသို့ လုပ်ဆောင်၍ မရနိုင်ရင်ပါက ကြားနေသော ဘက်မလိုက် အဖွဲ့အစည်းများက ဝင်ရောက်ကူညီမှပဲ အဆင်ပြေနိုင်လိမ့်မည်ဟုလည်း ကိုထားဖိုးက ဆက်ပြောသည်။
“အကယ်လို့ ဒီနှစ်ဖက်က မဆောင်ရွက်ပေးနိုင်ဘူး ဆိုရင်တော့ Third party ဖြစ်တဲ့ ကြားနေ အဖွဲ့အစည်းတွေ က ဆောင်ရွက်ပေးသင့်တယ်ပေါ့နော်။ လူ့အခွင့်ရေးကိစ္စတွေကို ဆောင်ရွက်ပေးနေတဲ့ UNOCHA လို ICRC အဖွဲ့အစည်းတွေလို အကျဉ်းသားရေးရာ ကိစ္စတွေမှာ သူတို့ပါဝင်မှု အားနည်းနေတယ်လို့ ကျနော်ထင်တယ် ပေါ့ နော်။ အကျဉ်းသားရေးရာ ကိစ္စတွေကို အများစုက ဘေးဖယ်ထားတဲ့ သဘောမျိုး ဖြစ်နေတယ်။”
လွိုင်ကော်အကျဉ်းထောင်နှင့် အဆက်အသွယ်ပြတ်နေသည်မှာ ၃ လနီးပါး ရှိပြီဖြစ်ပြီး ပြီးခဲ့သည့် တစ်ပတ်ကမှ ပြန် အဆက်အသွယ် ရခြင်း ဖြစ်သည်ဟု KPPA တာဝန်ရှိသူက ပြောသည်။
အဆက်အသွယ်ပြန်ရသော်လည်း လက်ရှိအချိန်ထိ လွိုင်ကော်အကျဉ်းထောင်ထဲက အခြေအနေ အသေးစိတ်ကို မူ မသိရသေးဘူးဟု KPPA က ပြောသည်။ လွိုင်ကော်အကျဉ်းထောင်ထဲ၌ အကျဉ်းသား အယောက် ၅၀၀ ကျော် ရှိသည့်အနက် နိုင်ငံရေးအကျဉ်းသားမှာ အယောက် ၁၄၀ ကျော်ရှိနေသေးသည်ဟု KPPA က ထုတ်ပြန်ထား သည်။