မူးယစ်ဆေးဝါးရောင်းဝယ်သူ လက္ကူးရွာသား ၂ ဦးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဖမ်းဆီး
သတင်းနှင့်မီဒီယာကွန်ရက်။
၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၈ ရက်။
ပုလောမြို့နယ် လက္ကူးကျေးရွာမှ မူးယစ်ဆေးဝါး ရောင်းဝယ်သူနှစ်ဦးကို ဖမ်းဆီးထားသည်ဟု ပြည်သူကာကွယ် ရေး တပ်ဖွဲ့ တာဝန်ရှိသူက ပြောသည်။
အသက် ၅၅ နှစ်အရွယ် ဒေါ်ဝင်းပို နှင့် အသက် ၂၈ နှစ်အရွယ် ကိုအာကာဦးတို့ကို ၎င်းတို့၏ နေအိမ်အသီးသီးတွင် WY ဆေးပြား၊ ဆေးထည့်သည့် ပိုက်လုံး၊ ငွေကျပ် နှစ်ဆယ့်လေးသိန်းကျော်၊ မူးယစ်ဆေးရှုရာတွင် အသုံးပြု
သည့်ပစ္စည်းများနှင့်အတူ ဖေဖော်ဝါရီလ ၆ ရက်နေ့က ဖမ်းဆီးနိုင်ခဲ့ခြင်း ဖြစ်သည်။
ဒေါ်ဝင်းပို အိမ်ကို ဝင်ရှာစဉ် နေအိမ်တွင် ရှိနေသည့် အမျိုးသားနှစ်ဦးကိုပါ တခါတည်း ကြိုးတုပ် စစ်ဆေးခဲ့သော် လည်း မူးယစ်ဆေး ရောင်းဝယ်ဖြန့်ကားနေသူများ မဟုတ်ခြင်းကြောင့် ပြန်လွှတ်ပေးခဲ့သည်ဟု ဆိုသည်။
ဖမ်းဆီးရာတွင် ပါဝင်ခဲ့သူ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တာဝန်ရှိသူတစ်ဦးက “ဖမ်းနေတဲ့ အချိန်တောင် လာဝယ် နေတဲ့သူတွေ ရှိနေသေးတယ်၊ အဓိက က တကယ့် ရေသောက်မြစ်ကိုပဲ ဖမ်းမှာမို့လို့ လာဝယ်သူတွေကို ပြန် လွှတ်လိုက်ရတယ်” ဟု ပြောသည်။
ကိုအာကာဦးကိုလည်း လွန်ခဲ့သည့် ဆယ်ရက်ခန့်က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဖမ်းဆီးသတိပေးခဲ့ပြီး ပြန် လွှတ်လိုက်ပေးခဲ့သော်လည်း ဆက်လက်လုပ်ကိုင်နေခြင်းကြောင့် ဖမ်းဆီးရခြင်းဖြစ်သည်။
လက္ကူးကျေးရွာသည် မူးယစ်ဆေးနှင့် ပတ်သက်ပါက နာမည်ကြီးလေ့ရှိပြီး လက်ရှိအဖမ်းခံရသည့် သူများ မှာလည်း အမှန်တကယ် လုပ်ကိုင်နေသည့်သူများ ဖြစ်ကြသည်ဟု အသက် ၄၀ ဝန်းကျင်အရွယ် ရွာသား တစ်ဦးက ပြောသည်။
လက်ရှိတွင် မူးယစ်ဆေးဝါးများ ရောင်းဝယ်ဖေါက်ကားနေသူ ၂ ဦးကို သိမ်းဆည်းရမိထားသည့် ပစ္စည်းများနှင့် အတူ ဥပဒေအရ အရေးယူဆောင်ရွက်နိုင်ရန် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံသို့ ရက်ပိုင်းအတွင်း လွှဲပြောင်းသွားရန် ရှိသည်ဟု ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တာဝန်ရှိသူက ပြောသည်။
လက္ကူးကျေးရွာအတွင်း ပျံ့နှံ့နေသည့် မူးယစ်ဆေးဝါးများမှာ ပုလောမြို့ပေါ်မှ ဝယ်ယူရောင်းချနေခြင်း ဖြစ်ပြီး မူးယစ်ဆေးဝါး ဒိုင်များကို ဖမ်းဆီးရန် ခက်ခဲနေသော်လည်း အမြစ်ပြတ် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း တပ်ဖွဲ့၏ တာဝန်ရှိသူက ဆိုသည်။
ပြီးခဲ့သည့် ဇန္နဝါရီလကလည်း လက္ကူးကျေးမှ ရွာခံ သုံးဦးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က မူးယစ်ဆေးအမှုနှင့် ဖမ်းဆီးခဲ့သေးသည်။