ဘောလခဲက စစ်တပ်၏ ၁၂ မိုင် ဗျူဟာကုန်း ကရင်နီတော်လှန်ရေးပူးပေါင်းအဖွဲ့ အပြီးသတ်သိမ်းပိုက်
သတင်းနှင့်မီဒီယာကွန်ရက်။
၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၉ ရက်။
ကယား(ကရင်နီ)ပြည်၊ ဘောလခဲမြို့နယ်၊ ရွာသစ်မြို့ရှိ စစ်ကောင်စီ၏ ၁၂ မိုင် ဗျူဟာကုန်းအား ကရင်နီတော် လှန်ရေး အင်အားစုများက တိုက်ခိုက်သိမ်းယူနိုင်ခဲ့သည်ဟု မြေပြင် စစ်ရေးသတင်းအရင်းအမြစ်များက ပြောသည်။
ဘောလခဲရွာသစ် လမ်းမကြီးဘေးရှိ တောင်ကုန်းပေါ်တွင် နှစ်ပေါင်း ၃၀ ကျော်အထိ တပ်စွဲထားသည့် စစ် ကောင်စီ၏ ဗျူဟာကုန်းအား အပြီးသတ် သိမ်းယူနိုင်ခဲ့ခြင်း ဖြစ်သည်။
ဖားဆောင်း PDF ပြန်ကြားရေး တာဝန်ရှိသူ တစ်ဦးက “သူက လမ်းမကြီးဘေးက တောင်ကုန်းပေါ်က စခန်းငယ် လေးပေါ့။ ဒါပေမယ့် ဟိုးအရင်ကတည်းက တိုက်ဖို့ ခက်တဲ့နေရာပေါ့။ သူတို့အနေနဲ့ ဗျူဟာ အရမ်းကောင်းတဲ့ နေရာမှာ ရှိတယ်ပေါ့နော်။ အမြင့်မှာ ရှိတယ်ပေါ့။ အဲလိုမျိုးဆိုတော့ အင်အား အနေနဲ့ကတော့ ပုံမှန်စစ်ကောင်စီ စခန်းတွေမှာတော့ အင်အား ၃၀၊ ၄၀ အပြင် ပိုပြီးတော့ မရှိပါဘူးဗျာ“ ဟု ပြောသည်။
ဇန္နဝါရီလ ၂၂ ရက်နေ့ကတည်းက စတင်တိုက်ခိုက်ခဲ့ပြီး ၁၇ ရက်ကြာပြီးနောက် ဖေဖော်ဝါရီလ ၈ ရက်နေ့ နံနက် ၈ နာရီခန့်တွင် သိမ်းယူနိုင်ခဲ့ခြင်း ဖြစ်သည်။
တိုက်ပွဲအပြီး ၆၀ မမ ၃ လက်၊ ငါးကြင်းမြီး၊ MA-2, MA-11, MA-3, MA-1, 9MM စသည့် လက်နက်များအပြင် ဒရုန်းနှင့် ဆက်စပ် ပစ္စည်းများအား သိမ်းဆည်းရမိခဲ့ပြီး စစ်သုံ့ပန်း တစ်ဦးကိုလည်း ဖမ်းဆီးရမိထားသည်ဟု ဆိုသည်။
ထို့အပြင် တိုက်ပွဲကာလတစ်လျှောက် စစ်ကောင်စီတပ်ဘက်မှ ၁၅ ဦး ဒဏ်ရာရ၍ ၂၆ ဦး သေဆုံးခဲ့သည်ကို အလောင်းများအရ အတည်ပြုနိုင်ပြီး ၁၀ ဦးကျော်ခန့်မှာ ထွက်ပြေးလွတ်မြောက်သွားသည်ဟု မြေပြင် သတင်း အရင်းအမြစ်များက ပြောသည်။
ဖားဆောင်း PDF ပြန်ကြား ရေး တာဝန်ရှိသူ တစ်ဦးက “ဖားဆောင်းမှာဆိုရင် စစ်ကောင်စီရဲ့ စခန်းတွေက ဖား ဆောင်း တပ်ရင်းမြေထဲကို ပြန်ဝင်သွားပြီ။ စခန်းငယ်တွေ ပေါ့။ ၇ မိုင်စခန်းဆိုရင်လည်း ပြန်ဆုတ်သွားပြီ။ ပြီး ရင် အကုန်လုံးက တပ်ရင်းမှာပဲနေပြီး ခုခံစစ် ပုံစံမျိုးနဲ့ပဲ ရှိ တော့တယ်ပါ့နော်။ သူတို့ အနေနဲ့ ဒီဖားဆောင်း ဘောလခဲဘက်ခြမ်းမှာ ထိုးစစ်လုပ်နိုင်မှု မရှိတော့ဘူးပေါ့။ ခုခံ စစ်အနေနဲ့ပဲ တပ်ရင်းမြေထဲကို ဝင်သွားတဲ့ သဘောမျိုးလေးတွေပဲ တွေ့ရတယ်” ဟု ပြောသည်။
အဆိုပါ တိုက်ပွဲတွင် အမျိုးသား ညီညွတ်ရေး အစိုးရ(NUG) လက်အောက်ခံ တပ်ရင်းများ ဖြစ်သည့် အလယ်ပိုင်း တိုင်း ကရင်နီ စစ်ဒေသခွဲ၊ ဘောလခဲ PDF, ဖားဆောင်း PDF တို့အပြင် ကရင်နီလူမျိုးပေါင်းစုံ လွတ်မြောက်ရေး တပ်ဦး – ကလလတ (KNPLF)၊ ကရင်နီတပ်မတော် (KA) ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF)နှင့် သက်ဆိုင်ရာ ဒရုန်းတပ်ဖွဲ့များ ပါဝင်တိုက်ခဲ့ကြသည်။
တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဘက်က ၂ ဦးကျဆုံး၍ ၂၂ ဦး ဒဏ်ရာရခဲ့သည်ဟု ဆိုသည်။ သို့သော် ဒဏ်ရာရ သူများမှာ အသက်အန္တရာယ် မစိုးရိမ်ရဘူးဟု ဆိုသည်။
လတ်တလောတွင် ဖားဆောင်းနှင့် ဘော်လခဲမြို့ ပတ်ပတ်လည်ရှိ စစ်ကောင်စီ တပ်စခန်းများအား ကရင်နီတော် လှန်ရေး အင်အားစုများမှ သိမ်းပိုက်ထားနိုင်ပြီး စစ်ကောင်စီတပ်စခန်းများမှာ မြို့တွင်းရှိ ၁၃၄၊ ၁၃၅ အပါအဝင် စခန်း ၄ ခုခန့်သာ ကျန်တော့သည်ဟု ဆိုကြသည်။
ဘော်လခဲနှင့် ဖားဆောင်းမြို့နယ်အတွင်း တိုက်ပွဲများကြောင့် ၂၀၂၃ ခုနှစ် ဇွန်လကတည်းက ဒေသခံ ၉၀ ရာခိုင် နှုန်းခန့်မှာ စစ်ဘေးရှောင်ကြသော်လည်း ပြီးခဲ့သည့် လပိုင်းမှစ၍ နယ်မြေအများစုကို တော်လှန်ရေး အင်အားစု များက သိမ်းပိုက်နိုင်ပြီဖြစ်ရာ ၁၀ ရာခိုင်နှုန်းခန့်မှာ နေရပ်ပြန်လာကြပြီဟု နယ်မြေရှင်းလင်းရေး ပြုလုပ်နေသည့် ရဲဘော်များက ပြောသည်။