ပုသိမ်မြို့ ရပ်ကွက်တစ်ခုတွင် အုပ်ချုပ်ရေး အဖွဲ့ဝင်များအား ပျူစောထီးများဖြင့် လဲလှယ်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၄ ရက်။

ပုသိမ်မြို့၊ အမှတ် ၁၃ ရပ်ကွက်မှ အုပ်ချုပ်ရေးအဖွဲ့ဝင်များကို ဖယ်ရှားလိုက်ပြီး စစ်ကောင်စီစိတ်ကြိုက် စစ်မှု ထမ်း ဟောင်းများ၊ အရံမီးသတ်တပ်ဖွဲ့ဝင်များ၊ ပျူစောထီးများနှင့် ပြောင်းလဲဖွဲ့စည်းလိုက်သည်ဟု ဒေသခံ ပြည်သူအချို့က ပြောသည်။

ဧရာဝတီတိုင်း၊ ပုသိမ်မြို့ အိမ်ခြေ ၁၀၀ ကျော်ရှိ အမှတ် ၁၃ ရပ်ကွက်မှ အုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူး၊ ဆယ်အိမ် မှူး စုစုပေါင်း ရပ်/ကျေးအုပ်ချုပ်ရေး အဖွဲ့ဝင် ၂၀၀ ကျော်ကို ဖေဖော်ဝါရီလ ၆ ရက်နေ့က ဖြုတ်ချခဲ့ပြီး အစားထိုး ပြင်ဆင်ဖွဲ့စည်းခြင်းဖြစ်သည်ဟု မြို့နယ်အုပ်ချုပ်ရေးအဖွဲ့နှင့် နီးစပ်သူများက ပြောသည်။

မြို့နယ် အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးက “အထက်က ခိုင်းစေချက် ညွှန်ကြားချက်တွေကို လိုက်နာမှု အားနည်း တယ်။ အကောင်အထည်ဖော်ရာမှာ အားနည်းတယ် ဆိုတဲ့ ပြစ်ချက်တွေနဲ့ တစ်ဖွဲ့လုံးကို ဖြုတ်ပစ်လိုက်တာ” ဟု ပြောသည်။

ဖြုတ်ပစ်လိုက်သည့် ရပ်/ကျေးအုပ်ချုပ်ရေး အဖွဲ့ဝင်များသည် စစ်အာဏာသိမ်းပြီးနောက် တစ်နှစ်ကျော် အကြာ တွင် စစ်ကောင်စီ၏ ယုံကြည်စိတ်ချရသူများကိုသာ ရွေးချယ်ခန့်ထားခဲ့ခြင်း ဖြစ်သည်ဟု အမှတ် ၁၃ ရပ်ကွက် တွင် နေထိုင်သူအချို့က ပြောသည်။

မြို့နယ်အုပ်ချုပ်ရေးအဖွဲ့နှင့် နီးစပ်သူတစ်ဦးက “ရပ်စဲလိုက်တဲ့ သူတွေနေရာကို စစ်စိတ်စစ်သွေး ပြင်းထန်တဲ့ စစ် သားဟောင်းတွေ အရံမီးသတ်က ခိုင်းကောင်းတဲ့ သူတွေနဲ့ လက်သပ်မွေးထားတဲ့ ပျူစောထီးတွေကို ခန့်လိုက် တာ” ဟု ပြောသည်။

ပုသိမ်မြို့ အမှတ် ၁၃ ရပ်ကွက်သည် အိမ်ခြေ ၂၀၀၀ ကျော်ခန့်ရှိသည့် ရပ်ကွက်ကြီးဖြစ်သည်ဟု ဒေသခံပြည်သူ များက ပြောသည်။

ဖြုတ်ချခဲ့သည့် အုပ်ချုပ်ရေးအဖွဲ့ဝင်များ နေရာတွင် အစားဝင်ရောက်လာသည့် အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူး ဆယ် အိမ်မှူးများသည် စစ်ကောင်စီအမိန့်ကို တစ်သွေမတိမ်း လိုက်နာကာ ရပ်ကွက်ပြည်သူများကို နှိပ်ကွပ်မည့် မောက် မာသူများကို ရွေးချယ်ခန့်ထားလိုက်ခြင်း ဖြစ်သည်ဟု ခရိုင်အုပ်ချုပ်ရေးအဖွဲ့နှင့်နီးစပ်သူတစ်ဦးက ပြောသည်။

ရပ်စဲခံရသည့် အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးက “အစုံသုပ် ခိုင်းဖတ်ဘဝက လွတ်သွားတာပေါ့ဗျာ။ မခံနိုင်တော့တာ နဲ့ အတော်ပါပဲ။ အပေါ်က ဟိန်းတာ ဟောက်တာခံရသလို ရပ်ကွက်လူထုက အမုန်းလည်း ခံရသေးတယ်” ဟု ပြောသည်။

လုပ်အားပေး၊ လမ်းလျှောက်ပွဲ၊ အသုံးလုံး သင်တန်း၊ ငါးလွတ်ပွဲ၊ ဘောလုံးပွဲ၊‌‌ ဈေးရောင်းပွဲ၊ အခမ်းအနားမျိုးစုံနှင့် ဧည့်စာရင်းစစ်၊ ရပ်ကွက်လုံခြုံရေးအပြင် ကင်းပုန်းဝတ်ရာများ၌ပါ လိုက်ပါရသည်ဟု ဖြုတ်ချခံလိုက်ရသော ရာ အိမ်မှူးတစ်ဦးက ပြောသည်။

အလားတူ ဆယ်အိမ်မှူးမှ ပြုတ်ခဲ့သူတစ်ဦးက “စစ်သင်တန်းတက်ခိုင်းတာ စစ်သားသစ် စုဆောင်းခိုင်းတာတွေကို ငြင်းရတာပေါ့ဗျာ။ ဟိုအကြောင်း ဒီကြောင်းနဲ့ ပိုက်ဆံ ကောက်ခိုင်းတာကျတော့ ကိုယ်ကလည်း မစိုက်နိုင်တော့ မျက်နှာပူပူနဲ့ပဲ ကောက်ခဲ့ရတာတွေရှိတယ်” ဟု ပြောသည်။

ဧရာဝတီတိုင်း၊ ဇလွန်မြို့နယ်တွင် ရပ်ကျေး/အုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူး ၆၂ ဦးတို့မှာ စစ်သင်တန်း မတက်လို သောကြောင့် ပြီးခဲ့သော ဇန္နဝါရီလ ပထမပတ်အတွင်းက မြို့နယ် စစ်ကောင်စီထံ နုတ်ထွက်ခွင့် တင်ခဲ့ကြသည်။

ထို့အတူ ဟင်္သာတမြို့နယ်တွင်လည်း ပြီးခဲ့သောနှစ် ဒီဇင်ဘာလအတွင်းက ရပ်/ကျေးအုပ်ချုပ်ရေးမှူး ၄၅ ဦးမှာ မြို့နယ်စစ်ကောင်စီထံ အစုလိုက် အပြုံလိုက် နုတ်ထွက်ခွင့် တင်ခဲ့ကြခြင်း ဖြစ်သည်။