ကံပေါက်တွင် စစ်ကောင်စီမှ စစ်မှုထမ်းဥပဒေကို မစိုးရိမ်ဖို့ ရေးထားသည့် စာများဖြန့်ဝေ

သတင်းနှင့်မီဒီယာကွန်ရက်။
၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၃ ရက်။

ရေဖြူမြို့နယ်၊ ကံပေါက်ကျေးရွာအုပ်စုတွင် စစ်ကောင်စီမှ ပြည်သူ့စစ်မှုထမ်း ဥပဒေကို မစိုးရိမ်ဖို့ ရေးသားထားသည့် ဝါဒဖြန့်စာရွက်များကို ဖြန့်ဝေခဲ့သည်ဟု ရွာသားများက ပြောသည်။

ကံပေါက်ကျေးရွာ အုပ်စုအတွင်း လူစည်ကားရာ ကံပေါက်ဈေး၊ ကုန်ခြောက်ဆိုင်ကြီးမျာရှေ့နှင့် အရက်ဆိုင်များအရှေ့တို့တွင် ဖေဖေါ်ဝါရီလ ၁၉ ရက်နေ့ နံနက်ပိုင်းနှင့် ညနေပိုင်းများတွင် ဖြန့်ဝေခဲ့ခြင်း ဖြစ်သည်။

ဖြန့်ဝေရာတွင် ရဲ၊ စစ်ကောင်စီတပ်ဖွဲ့ဝင် အချို့နှင့် စစ်ကောင်စီခန့် ကျေးရွာအုပ်ချုပ်ရေးမှူးများ ပူးပေါင်းလုပ်ဆောင်နေသည်ကို တွေ့မြင်ခဲ့ရသည်ဟု ရွာသားတစ်ဦးက ပြောသည်။

ကံပေါက်ကျေးရွာအုပ်စုတွင် ရပ်ကွက် ၁၁ ခုရှိပြီး ရပ်ကွက်အများစုတွင် ယခုကဲ့သို့ ဝါဒဖြန့်စာရွက်များ လိုက်ဝေ နေခြင်း ဖြစ်သည်။

အသက် ၁၉ ခန့်အရွယ် ကံပေါက်ရွာသူ အမျိုးသမီးငယ်တစ်ဦးက “စျေးမှာဝေနေတာ တွေ့တယ်၊ ယူတော့ မလာ ဘူး။ အခြေအနေကြည့်ပြီး အသာငယ် လှည့်ပြန်လာ လိုက်တယ်” ဟု ပြောသည်။

ဖြန့်ဝေနေသည့် စာရွက်အတွင်း စစ်မှုထမ်းဥပဒေနှင့် ပတ်သက်၍ သိကောင်းစရာများဟု ခေါင်းစဉ်တပ်ကာ ဥပ ဒေရည်ရွယ်ချက်များ၊ စစ်မှုထမ်းရမည့် အသက်အရွယ်ကာလ နှင့် ကင်းလွတ်ခွင့် ကိစ္စများကို ရေးသားထား သည်။

ထို့အပြင် စိုးရိမ်စရာမလိုဆိုသည့် ခေါင်းစဉ်နှင့် ရှင်းပြချက်အတွင်း၌ နည်းဥပဒေ ရေးဆွဲပြီးမှ တာဝန်ထမ်းရမည် ဖြစ်ကြောင်းနှင့် ယာယီရွှေ့ဆိုင်းထားနိုင်သည့် ကင်းလွတ်ခွင့်ရမည့်သူများအကြောင်းများ အပြင် PDF ဝင်ရန် စည်းရုံးနေခြင်းများကိုလည်း နားမယောင်ကြဖို့ ထည့်သွင်းဖော်ပြထားသေးသည်။

မြန်မာနိုင်ငံ အလယ်ပိုင်းရှိ စစ်ကိုင်းတိုင်း၊ မုံရွာမြို့တွင်လည်း စစ်ကောင်စီဘက်မှ ယခုကဲ့သို့ ဝါဒဖြန့် စာရွက်များ လိုက်လံဖြန့်ဝေနေသည့်အပြင် မန္တလေးတိုင်း၊ ကျောက်ပန်းတောင်းမြို့နယ်တွင် ပြည်သူ့စစ်မှုထမ်း ဥပဒေ ဆိုင် ရာနှင့် ပတ်သက်၍ အသိပညာပေး ရှင်းလင်းဆွေးနွေးပွဲကို လုပ်နေကြသည်ဟု မြို့ခံများက ပြောသည်။

ဖေဖေါ်ဝါရီလ ၁၀ ရက်နေ့တွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြည်သူ့စစ်မှုထမ်း ဥပဒေကို လက်မှတ်ထိုး ကာ ထုတ်ပြန်လိုက်ပြီးသည့်နောက် အသက် ၁၈ နှစ်ပြည့် လူငယ်များကြားတွင် စိုးရိမ်မှုများ ရှိနေခဲ့သည်။