အရှေ့တောဒေသ တိုက်ပွဲအတွင်း စစ်ကောင်စီကား ၇ စီး ပျက်စီး၊ နှစ်ဘက် ထိခိုက်သေဆုံးမှုများရှိ

သတင်းနှင့် မီဒီယာကွန်ရက်
၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၃ ရက်။

ထားဝယ်မြိုနယ်၊ အရှေ့တောဒေသတွင် စစ်ကောင်စီ ယာဥ်တန်းတိုက်ခိုက်ခံရပြီး ကား ၇ စီးပျက်စီးသွားသည့် အပြင် နှစ်ဘက် ထိခိုက်သေဆုံးမှုများရှိသည်ဟု ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA က ဘက် က ပြောသည်။

တပ်ဖွဲ့ဝင် အင်အား ၃၀၀ ခန့်အပြင် ရိက္ခာနှင့် စစ်လက်နက်ပစ္စည်းများ တင်ဆောင်လာသည့် ကား ၁၇ စီးပါဝင် သည့် စစ်ကောင်စီစစ်ကြောင်းကို KNLA နှင့် PDF ပူးပေါင်းတပ်ဖွဲ့တို့က ဖေဖော်ဝါရီလ ၁၇ ရက်နေ့မှ ၂၁ ရက်နေ့ အထိ သင်္ကန်းတုံးနှင့် ဝကုန်းကျေးရွာ အကြားတွင် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

KNLA တပ်ရင်း (၁၂) နှင့် တပ်ရင်း (၂၇) မှ တပ်ရင်းမှူး စောမှူးဂေက “ဖေဖေါ်ဝါရီလ ၂၁ ရက်နေ့၊ မနက်ပိုင်းမှာ တွေ့တာပါ။ ကားက ၇ စီးပေါ့၊ လက်နက်တွေလည်း ရတယ်” ဟု ပြောသည်။

အဆိုပါ တိုက်ပွဲအတွင်း မီးလောင်ပျက်စီးနေသည့် စစ်ကောင်စီကား ၇ စီးနှင့် သေဆုံးနေသည့် စစ်ကောင်စီ တပ် ဖွဲ့ဝင် အယောက် ၂၀ ထက်မနည်းကို တွေ့မြင်ခဲ့ရပြီး လက်နက်မျိုးစုံ ၃၄ လက်ကိုလည်း သိမ်းဆည်း ရရှိခဲ့သည် ဟု PDF ပူးပေါင်း တပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။

ဝကုန်းကျေးရွာနှင့် ကျောက်မဲတောင်ကျေးရွာကြား ဖြစ်ပွားခဲ့သည့် တိုက်ပွဲတွင် KNLA နှင့် PDF ပူးပေါင်းတပ်များ ဘက်မှ တပ်ဖွဲ့ဝင် ၆ ဦး သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာ ရသူများလည်းရှိကာ သေနတ် ခုနစ်လက် ဆုံးရှုံးခဲ့ကြောင်း တာဝန်ရှိသူများက ပြောသည်။

PDF ပူးပေါင်းတပ်ဖွဲ့ တာဝန်ရှိသူက “တိုက်ပွဲက မပြီးသေးပါဘူး၊ အရှေ့မှာ စစ်ကောင်စီကားတွေပျက်စီးတာနဲ့ ထိခိုက်သေဆုံးတာတွေ ထပ်ရှိနိုင်တယ်။ စစ်ရေးအခြေအနေက တင်းမာနေတုန်းပဲ။ အသေးစိတ် အခြေအနေကို အားလုံး ငြိမ်သက်သွားရင် ထုတ်ပြန်ပေးသွားပါ့မယ်” ဟု ပြောသည်။

စစ်ကောင်စီ ယာဥ်တန်း၌ ပါသည့် ကားအချို့က ထိုင်းနယ်စပ်နှင့် မဝေးလှသော ထားဝယ် – ထီးခီးလမ်းပေါ်ရှိ ကျောက်မဲတောင် နယ်မြေရဲစခန်းကို ရောက်ရှိနေပြီဟု သတင်းရရှိကြောင်း အဆိုပါ PDF ပူးပေါင်းအဖွဲ့ တာဝန်ရှိ သူက ဆက် ပြောသည်။

ဖေဖေါ်ဝါရီလ ၂၁ ရက်နေ့က နှစ်ဖက်တိုက်ပွဲ ပြင်းထန်နေချိန် မွန်းလွှဲပိုင်းနှင့် ညနေပိုင်း အချိန်များ၌ စစ်ကောင်စီ ၏ လေတပ်မှ ပူးပေါင်း၍ MI – 2 ရဟတ်ယာဥ်ဖြင့် ဝကုန်းကျေးရွာ အနီးတစ်ဝိုက်ကို နှစ်ကြိမ်ဗုံးကြဲ တိုက်ခိုက်ခဲ့ သေးသည်။

လေကြောင်း တိုက်ခိုက်မှုအတွင်း KNLA၊ PDF ပူးပေါင်း တပ်ဖွဲ့များနှင့် ရွာသားများ ထိခိုက်မှုမရှိခဲ့ဘူးဟု ဆိုကြ သည်။

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ထားဝယ် အရှေ့တောဒေသသို့ ဝင်ရောက်လာသည့် စစ်ကောင်စီ တပ်ဖွဲ့ နှင့် ၎င်းတို့၏ ယာဥ်တန်းများကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက မကြာခဏ တိုက်ခိုက်ခဲ့ဖူးသော်လည်း ယခု ကဲ့သို့ ကားများပျက်စီးပြီး လက်နက်များ သိမ်းဆည်းရမိခဲ့သည့်မှာ ပထမဆုံးအကြိမ် ဖြစ်သည်။